ဖင်လန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့် ဟယ်လ်ဆင်ကီးမြို့တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ခြင်း

(၁၀-၉-၂၀၁၉ ရက်၊ ဟယ်လ်ဆင်ကီးမြို့)

သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်သည် ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၆-၉-၂၀၁၉ ရက် (သောကြာနေ့)၊ ၁၅၃၀ နာရီတွင် ကျင်းပသော ဖင်လန်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Pekka Haavisto က နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လုပ်ငန်းအစီအစဉ်ကိုလည်းကောင်း၊ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Ville Skinnari က ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကူညီထောက်ပံ့မှုများနှင့်ပတ်သက်၍လည်းကောင်း ဖင်လန်နိုင်ငံ ဆိုင်ရာ သံအမတ်ကြီးများအား ပူးတွဲရှင်းလင်းပြောကြားပွဲ (Joint Briefing) သို့ တက်ရောက် ခဲ့ပါသည်။ ဖင်လန်နိုင်ငံအစိုးရသစ်ကို ၆-၆-၂၀၁၉ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးပါတီ (၅) ခုဖြင့် ဖွဲ့စည်းထားပါသည်။ အစိုးရသစ်အနေဖြင့် ဖင်လန်နိုင်ငံကို စဉ်ဆက်မပြတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိရန် တည်ဆောက်ရာတွင် ရာသီဥတု ထိခိုက်မှုမရှိစေရေး(climate neutrality) ရှေးရှုဆောင်ရွက်သွားရန်နှင့် တရားမျှတမှုရှိသော၊ ညီမျှသော၊ အားလုံးပါဝင်မှုရှိသော လူမှုအဖွဲ့အစည်းဖြစ်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သံအမတ်ကြီးသည် ၆-၉-၂၀၁၉ ရက်(သောကြာနေ့)၊ ၁၄၀၀ နာရီတွင် ဖင်လန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ Under-Secretary of State for Foreign Policy and Security Policy ဖြစ်သူ H.E. Mr. Kai Sauer အား ဂါရဝပြုတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်မြှင့်တင်နိုင်ရေး ဆွေးနွေးပြောကြားပါသည်။ သဘာဝဘေးအန္တရာယ်ကို ဆိုးဝါးစွာ ခံနေရသော မြန်မာနိုင်ငံအတွက် သစ်တောများ ပြန်လည်ထူထောင်ရေးအကူအညီ တိုးမြှင့်ပေးရေးနှင့် ကုန်သွယ်မှုတိုးမြှင့်ရေး၊ နိုင်ငံတော်အစိုးရ၏ ရခိုင်ကိစ္စအား ရေတိုရေရှည် ကိုင်တွယ်ဆောင်ရွက်ရန်နှင့် တစ်ဖက်မှ ပြန်လည်ရောက်ရှိလာသူများအား လက်ခံရန်အတွက် ကြိုးပမ်းအားထုတ်မှုများနှင့် အာဆီယံနှင့် မိတ်ဆွေနိုင်ငံများ၏ ကူညီဆောင်ရွက်ပေးမှုများ၊ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်၊ နိုင်ငံအတွင်း ဒီမိုကရေစီနှင့်လူ့အခွင့်အရေး တိုးတက်မြှင့်တင်ရေး ကြိုးပမ်းမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုတိယဝန်ကြီး ခေါင်းဆောင်သော ဖင်လန်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် လာမည့်အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားပြီး သစ်တောပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီပေးရေး အဆိုပြုချက်ကို မြန်မာဘက်သို့ ကမ်းလှမ်းရန် စီစဉ်ထားကြောင်း H.E. Mr. Kai Sauer က သံအမတ်ကြီးအား အသိပေးပြောကြားပါသည်။

သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်သည် ၅-၉-၂၀၁၉ ရက်(ကြာသပတေးနေ့)၊ ၁၄၀၀ နာရီတွင် ဟယ်လ်ဆင်ကီးမြို့ရှိ World Trade Center ၌ ဖင်လန်နိုင်ငံ ကုန်သည်ကြီးများအသင်း (Finland Chamber of Commerce–FinnCham) မှ ဖင်လန်-အာဆီယံ ကုန်သွယ်မှုအသင်း (Finland-ASEAN Business Association) ဥက္ကဋ္ဌ Mr. Jani Kaulo ဉီးဆောင်သော ဘုတ်အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံဆိုင်ရာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။