ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

(၃၀-၆-၂၀၂၀ ရက်၊ နေပြည်တော်)

၁။ ပြည်ပမှ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပျံသန်းသည့် ခရီးစဉ်များ ယာယီရပ်ဆိုင်းမှုကြောင့် ကမ္ဘောဒီးယားနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသား (၉၀) ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ညနေ (၁၇:၀၅) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ ကြသည်။

၂။ ထို့ပြင် ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား (၇၉) ဦး၊ ဘယ်ဂျီယံနိုင်ငံမှ (၂) ဦး၊ ကနေဒါ နိုင်ငံမှ (၁) ဦး၊ ဂျာမနီနိုင်ငံမှ (၁) ဦး၊ ဂျပန်နိုင်ငံမှ (၃) ဦး၊ နော်ဝေနိုင်ငံမှ (၂) ဦး၊ ဗြိတိန်နိုင်ငံမှ (၉) ဦး၊ ဗီယက်နမ်နိုင်ငံမှ (၁) ဦး၊ တောင်ဆူဒန်နိုင်ငံမှ (၁) ဦးနှင့် အမေရိကန် ပြည်ထောင်စုမှ (၃၀) ဦး မြန်မာနိုင်ငံသား စုစုပေါင်း (၁၂၉) ဦးတို့အား အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ည (၂၀:၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

၃။ အလားတူ အာရပ်စော်ဘွားများပြည်ထောင်စုတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၁၂၉) ဉီးအား ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည (၂၁:၃၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

၄။ ဖော်ပြပါမြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။

၅။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် ပိတ်မိ၍ အခက်အခဲ ကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ မြန်မာသံရုံးများနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်ထိ မြန်မာနိုင်ငံသားဦးရေစုစုပေါင်း (၆၄၇၆) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။