ပြည်ပနိုင်ငံတို့၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

(၂၉-၆-၂၀၂၀ ရက်၊ နေပြည်တော်)

၁။ ပြည်ပမှ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်တို့မှ ကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် အစီအမံများကို ဆက်လက်ချမှတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲသည့် လေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်းမှုကြောင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေး ဒေသနှင့် မကာအိုဒေသတို့တွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၂၁) ဦးအား မြန်မာအမျိုးသားလေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ညနေ (၁၅:၂၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ ခဲ့ကြသည်။

၂။ ထို့ပြင် ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား (၁၇၁) ဦးနှင့် အင်ဒိုနီးရှားနိုင်ငံမှ (၈) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁) ဦး မြန်မာနိုင်ငံသားစုစုပေါင်း (၁၈၀) ဦးတို့အား အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ကိုရီးယားလေကြောင်းလိုင်း (Korean Airlines) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ (၂၀:၀၀) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

၃။ ဖော်ပြပါ မြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

၄။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် ပိတ်မိ၍ အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ မြန်မာသံရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများနှင့် မြန်မာနိုင်ငံရှိသက်ဆိုင်ရာ ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်ထိ မြန်မာနိုင်ငံသားဦးရေစုစုပေါင်း (၆၁၂၈) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။