ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် မိသားစုများ မြိတ်ကျွန်းစုရှိ ပုလဲမွေးမြူရေးစခန်း၊ စမတ်ကျွန်းကမ်းခြေနှင့် ဆလုံရွာအား သွားရောက်လေ့လာ

(၁၀-၂-၂၀၂၀ ရက်၊ မြိတ်မြို့)

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုသို့ လေ့လာရေးခရီးအဖြစ် ရောက်ရှိနေကြသော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သည့် သံတမန်လေ့လာရေးအဖွဲ့သည် ဖေဖော်ဝါရီလ (၁၀) ရက် နံနက်ပိုင်းတွင် မြိတ်ဆိပ်ကမ်းမှ အမြန်ရေယာဉ်ဖြင့် ကမ်းရိုးတန်းပင်လယ်အား ဖြတ်သန်းကာ မြိတ်ကျွန်းစုရှိ ကျွန်းများအား ကြည့်ရှုလေ့လာခဲ့ကြသည်။

သံတမန်လေ့လာရေးအဖွဲ့သည် ပထမဦးစွာ သယောသဏ္ဍန်ကြီးကျွန်းရှိ မြန်မာအတ္တလန်တစ်ကုမ္ပဏီ ပုလဲမွေးမြူရေးစခန်းသို့ ရောက်ရှိလေ့လာခဲ့ရာ ပုလဲမွေးမြူရေးစခန်းတာဝန်ခံ ဦးစောထဲလာမှ ပုလဲမွေးမြူရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သည့် သံတမန်လေ့လာရေးအဖွဲ့သည် မုတ်ကောင်သားပေါက်ခန်းနှင့် ဝတ်ဆံသွင်းခန်းမတွင် မုတ်ကောင်အတွင်း ဝတ်ဆံသွင်းနေမှုအား ကြည့်ရှုလေ့လာခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအကြားတွင် ရေပန်းစား လူကြိုက်များပြီး ဧရိယာအားဖြင့် (၅၅.၀၆) ဧကခန့်ရှိကာ တောတောင်ထူထပ်၍ ကျွန်း၏ မြောက်ဘက်ပိုင်းတွင် ပေ (၄၀၀၀) ခန့် ရှည်လျားသော ကျောက်စရစ်ကမ်းခြေတစ်ခုနှင့် တောင်ဘက်တွင် ပေ (၆၀၀) ခန့် ရှည်လျားကာ သဲဖြူကမ်းခြေ (၃) ခု တည်ရှိသည့် မြိတ်မြို့မှ ရေမိုင် (၅၆) မိုင်ခန့် ကွာဝေးသော စမတ်ကျွန်းသို့ ရောက်ရှိလေ့လာခဲ့ကြ၍ သဘာဝကမ်းခြေအလှအပများကို ကြည့်ရှုလေ့လာကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ဒုံးညောင်မှိုင်းကျေးရွာရှိ ဆလုံလူမျိုးများ နေထိုင်မှုများကို သွားရောက်လေ့လာခဲ့ကြပြီး ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းငွေ နှစ်သိန်းကျပ်ကို လှူဒါန်းပေးအပ်ပြီး သံတမန်များ စုပေါင်းလှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၅၆၈) နှင့် (၁၃၂၈၀၀၀) ကျပ်ကို သံတမန်အဖွဲ့နာယက မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေနိုင်ငံ သံအမတ်ကြီးက လှူဒါန်းပေးအပ်ခဲ့သည်။ ထိုနောက် အမြန်ရေယာဉ်ဖြင့် ကမ်းရိုးတန်းပင်လယ်ရှိ ကျွန်းများအား ကြည့်ရှုလေ့လာခဲ့ကြ၍ မြိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သည့် သံတမန်လေ့လာရေးအဖွဲ့သည် သံတမန်လေ့လာရေးအဖွဲ့သည် မြိတ်လေဆိပ်မှ မြန်မာ့အမျိုးသားလေကြောင်းလိုင်းဖြင့် ညနေ (၄) နာရီ (၁၅) မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ (၆) နာရီခန့်တွင် ရောက်ရှိခဲ့သည်။ သံတမန်အဖွဲ့တွင် တီမောလက်စ်တေနိုင်ငံသံရုံး၊ ရုရှားနိုင်ငံသံရုံး၊ အီဂျစ်နိုင်ငံသံရုံး၊ ဖိလစ်ပိုင်နိုင်ငံသံရုံး၊ နီပေါနိုင်ငံသံရုံး၊ ဖင်လန်နိုင်ငံသံရုံး၊ အင်ဒိုနီးရှားနိုင်ငံသံရုံး၊ ဘင်္ဂလားဒေရှ့်နိုင်ငံသံရုံး၊ မလေးရှားနိုင်ငံသံရုံး၊ အစ္စရေးနိုင်ငံသံရုံး၊ အိန္ဒိယနိုင်ငံသံရုံး၊ သြစတြေးလျနိုင်ငံသံရုံး၊ ထိုင်းနိုင်ငံသံရုံး၊ ဂါနာနိုင်ငံသံရုံး၊ ကမ္ဘောဒီးယားနိုင်ငံသံရုံး၊ ကနေဒါနိုင်ငံသံရုံး၊ နော်ဝေးနိုင်ငံသံရုံး၊ ဘရူနိုင်းနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် ဇနီးများ၊ ILO ဆက်သွယ်ရေးရုံးမှ ဆက်သွယ်ရေးအရာရှိနှင့် ဇနီးတို့ပါဝင်ကြောင်း သိရှိရသည်။