(၁၄-၄-၂၀၂၆ရက်၊ချင်းမိုင်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ချင်းမိုင်မြို့တော်၊ မြို့တော်ဝန် Mr. Assanee Buranupakorn ၏ ဖိတ်ကြားချက် အရ ၁၃-၄-၂၀၂၆ ရက်တွင် ချင်းမိုင်မြို့တော်စည်ပင်သာယာရေးရုံးက ကြီးမှူး၍ ချင်းမိုင်မြို့ရှိ မြို့ဟောင်း၏ ထင်ရှားသောဂိတ်တံခါးဖြစ်သည့် သာ့ဖယ်ဂိတ်၌ ကျင်းပပြုလုပ်သော “ဆုန်ခရမ် ရေသဘင်ပွဲတော် – Joyful Songkran, My Home” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူး၊ ချင်းမိုင်မြို့တော်ဝန်နှင့်အတူ ချင်းမိုင်မြို့၌ ဖွင့်လှစ်ထားသော ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်များနှင့်ချင်းမိုင်ခရိုင် အစိုးရရုံးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားမစတင်မီ ချင်းမိုင်ခရိုင်၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီးအပါအဝင် ချင်းမိုင်မြို့ရှိ ထေရ်ကြီးဝါကြီး သံဃာတော် (၉) ပါးထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များနာယူခဲ့ပြီး ကောင်စစ်ဝန်ချုပ်သည် အခြားဧည့်သည်တော်များနှင့်အတူ သံဃာတော်(၃၀)ပါးထံ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူ ပရိတ်သတ်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ပါသည်။



