ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် က Inclusive Education Training for the Benefit of Children with Special Needs Project ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများကို လေ့ကျင့်သင်ကြားပေးမည့် အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြား

(၂၂-၁-၂၀၂၆ ရက်၊ ချင်းမိုင်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင် ထိုင်းအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ ကမကထပြုမှုဖြင့် အထူးစောင့်ရှောက်မှု လိုအပ်သောကလေးငယ်များ ကောင်းမွန်စွာပညာသင်ကြားနိုင်ရေးအတွက် အားလုံးပါဝင်သည့် ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ရန်နှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာများ၏ အရည်အသွေးကို မြှင့်တင်နိုင်ရန် ချင်းမိုင်ရာဂျဘတ်တက္ကသိုလ်က Inclusive Education Training for the Benefit of Children with Special Needs Project ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံ ပညာကျောင်းများမှ ဆရာ၊ ဆရာမများကို လေ့ကျင့်သင်ကြားပေးရန် ချင်းမိုင်မြို့၊ Duangtawan Hotel ၌ ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ချင်းမိုင်ရာဂျဘတ်တက္ကသိုလ်ဥက္ကဌ Dr. Chatree Maneekosol ၊ တက္ကသိုလ်၏ဌာနအသီးသီးမှ ဌာနကြီးမှူးများ၊ ပါမောက္ခများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်း ဦးဆောင်သည့် မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကျောင်းအသီးသီးမှ ဆရာ၊ ဆရာမ ၄၄ ဦးနှင့် အုပ်ချုပ်ရေးအရာရှိ (၃) ဦးတို့ တက်ရောက်ခဲ့ပါသည်။

ထိုင်းအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ကမကထပြု၍ ချင်းမိုင်ရာဂျဘတ် တက္ကသိုလ်က မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများကို ထိုင်းနိုင်ငံ၌ ရက်သတ္တပတ် (၂)ပတ်ကြာလေ့ကျင့်သင်ကြားပေးခြင်းကို ၁ နှစ်လျှင် ၁ကြိမ်ဖြင့် (၃)နှစ်ဆက်တိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ပထမအကြိမ် လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ကာ ၂၀၂၆ခုနှစ်တွင် ဒုတိယအကြိမ်လေ့ကျင့်သင်ကြားပေးခြင်းကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့နှင့် ချင်းမိုင်မြို့ များတွင် ရက်သတ္တပတ် (၂)ပတ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။