(၂၀-၁-၂၀၂၆ရက်၊ချင်းမိုင်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သည် ထိုင်းနိုင်ငံ၊ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်ရေး ဝန်ကြီးဌာန၊ ချင်းမိုင်မြို့ရှိ မဲ့ကျိုးတက္ကသိုလ်နှင့် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တို့အကြား ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်တွင် ချင်းမိုင်မြို့၊ Old Chiangmai Cultural Center ၌ “Special Forum on Connecting Cultural Food Tourism Routes in the Mekong Subregion Countries: China, Myanmar, Laos, and Thailand” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့ပြီး panelist အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲအား လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် လန်ချန်း-မဲခေါင်နိုင်ငံများအကြား ရေရှည်တည်တံ့မည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆန်းသစ်တီထွင်မှုရှိသောအဖြေများ ရှာဖွေနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် ရည်ရွယ်ချက်တို့ဖြင့် ကျင်းပဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
အဆိုဆွေးနွေးပွဲသို့ ကောင်စစ်ဝန်ချုပ်နှင့်အတူ ချင်းမိုင်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး Mr. Boonlue Thamtharanurak ၊ တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့နှင့် လာအိုနိုင်ငံသံရုံး၊ ဗန်ကောက်မြို့တို့မှ ကိုယ်စားလှယ်များသည် panelist များအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံ၊ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်ရေးဝန်ကြီးဌာနနှင့် ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများနှင့်အတူ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် စားသောက် ကုန်လုပ်ငန်းကဏ္ဍတို့မှ ကိုယ်စားလှယ်များ၊ အထက်ပါကဏ္ဍများနှင့်ဆက်စပ်သော စီးပွားရေး လုပ်ငန်းရှင်များနှင့် အဆိုပါအကြောင်းအရာတွင် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲ၌ ကောင်စစ်ဝန်ချုပ်က ကမ္ဘာ့သမိုင်းတစ်လျှောက်၏ သံခင်းတမန်ခင်းကဏ္ဍတွင် စားသောက်ဖွယ်ရာများ၏ အရေးပါသောအခန်းကဏ္ဍကိုဆွေးနွေးခဲ့ပြီး ဟင်းလျာများအကြားတွင် အခြေခံ တူညီမှုများစွာရှိသည့် တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံတို့အနေဖြင့် နေ့စဉ်နှင့်အမျှ လျင်မြန်စွာ တိုးတက်ပြောင်းလဲလျက်ရှိပြီး ယဉ်ကျေးမှုခြင်း ကူးလူးယှက်နွယ်ဆက်ဆံလျက်ရှိသည့်အတွက် ယနေ့ ကမ္ဘာတွင် မိမိတို့နိုင်ငံများ၏ဒေသရိုးရာဟင်းလျာများ စီမံချက်ပြုတ်ရာတွင်ပါဝင်သော မျိုးရင်းအမယ် များကို ထိန်းသိမ်းရန်နှင့် ရိုးရာဓလေ့စားဖွယ်ရာများချက်ပြုတ်နည်းများကို မူရင်းနည်းဟန်မပျက် ကာကွယ်ထိန်းသိမ်းခြင်းနှင့် မြင့်တင်ခြင်းတို့လုပ်ဆောင်ရန် ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် ဒေသရိုးရာစားသောက်ဖွယ်ရာများကို ထိတွေ့မြည်းစမ်းခွင့်ရရန်ရည်ရွယ်ချက်ဖြင့် ခရီးသွားလာမှုလုပ်ငန်း သည် ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် ရေရှည်တည်တံ့ပြီး ခိုင်မြဲသော ဝင်ငွေရရှိနိုင်သော အရင်းအမြစ်တစ်ခုဖြစ်လာစေရန် ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့်ပတ်သက်၍ မေးမြန်းမှုများအပေါ် အကြံပြုဆွေးနွေးခဲ့ပါသည်။



