(၁၉-၁-၂၀၂၆ ရက်၊ ချင်းမိုင်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် ချင်းမိုင်ခရိုင်၊ ဆန်ကဖန်မြို့နယ် မြူနီစီပယ်ရုံးက ဦးဆောင်၍ ကျင်းပပြုလုပ်သည့် (၄၁) ကြိမ်မြောက် ဘော်ဆန်းရိုးရာထီးပွဲတော်နှင့် ဆန်ကဖန်လက်မှုအနုပညာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါပြပွဲသို့ ချင်းမိုင်ခရိုင်၊ ဒုတိယအုပ်ချုပ်ရေးမှူးများ၊ ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ ဆန်ကဖန် မြို့နယ်အုပ်ချုပ်ရေးမှူး၊ တွန်းပေါင်မြို့၏ မြို့တော်ဝန်နှင့်အတူ ချင်းမိုင်မြို့၌ ဖွင့်လှစ်ထားသော ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်များနှင့် ချင်းမိုင်ခရိုင်အစိုးရရုံးများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။
ဘော်ဆန်းထီးပွဲတော်သည် ထိုင်းရိုးရာယဉ်ကျေးမှုအား ထုတ်ဖော်ပြသသည့် ပွဲတော်တစ်ခု ဖြစ်ပြီး ချင်းမိုင်ခရိုင်၌ သာမက ထိုင်းနိုင်ငံတစ်ဝန်း၌ ထင်ရှားသော ပွဲတော်တစ်ခုဖြစ်ကာ ဒေသဆိုင်ရာ ရိုးရာယဉ်ကျေးမှုလက်မှုအနုပညာလက်ရာများကို ထိန်းသိမ်းရန်နှင့် ကမ္ဘာလှည့် ခရီးသွားများကို စွဲဆောင်နိုင်ရန် ရည်ရွယ်၍ နှစ်စဉ်ဇန်နဝါရီလတွင် ကျင်းပလေ့ရှိသည့် ပွဲတော်တစ်ခု ဖြစ်ပါသည်။ အဆိုပါပွဲတော်တွင် စက္ကူနှင့်ဝါးများဖြင့် ပြုလုပ်ထားသည့် ဘော်ဆန်းထီးများကို ရိုးရာအမွေအနှစ်တစ်ခုအဖြစ် ဂုဏ်ယူစွာပြသလေ့ရှိပါသည်။
လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာက လန်းနားဘုရင်နိုင်ငံ (ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ)မှ ထိုင်းလူမျိုးဘုန်းတော်ကြီးတစ်ပါးက မြန်မာနိုင်ငံသို့ရောက်ရှိစဉ် တွေ့ရှိခဲ့သော မြန်မာ့ရိုးရာပုသိမ်ထီး ယဉ်ကျေးမှုကို ထိုင်းနိုင်ငံသို့ ယူဆောင်လာခဲ့ပြီး အဆိုပါဘော်ဆန်ထီးအား ဖန်တီးခဲ့ခြင်းဖြစ်သည့်အတွက် မြန်မာ့ရိုးရာပုသိမ်ထီးယဉ်ကျေးမှုနှင့် ဘော်ဆန်ထီးယဉ်ကျေးမှုတို့အကြား ဆက်နွှယ်လျက်ရှိရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့သည် ဘော်ဆန်းရိုးရာထီးပွဲတော်နှင့် ဆန်ကဖန်လက်မှု အနုပညာပြပွဲ၏ လှည့်လည်ဖျော်ဖြေပွဲ၌ မြန်မာ့ရိုးရာပုသိမ်ထီးအလှနှင့်တွဲဖက်၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါလှည့်လည်ဖျော်ဖြေပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့နှင့်အတူ ချင်းမိုင်မြို့ တွင် ဖွင့်လှစ်ထားရှိသည့် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ အမေရိကန်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ အိန္ဒိယနိုင်ငံကောင်စစ်ဝန်ရုံး၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ယဉ်ကျေးမှုအဖွဲ့များ၊ ချင်းမိုင် ခရိုင်တွင် ဖွင့်လှစ်ထားသောတက္ကသိုလ်များနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဆန်ကဖန်မြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာချင်းစီကိုယ်စားပြု ထီးအလှပြယာဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။



