ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားကို လက်ခံတွေ့ဆုံ

(၅-၁-၂၀၂၆ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်၊ ၁၄၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မာသည့် ငြိမ်းချမ်းရေးနှင့် ပြည်သူများ၏ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘောဆက်လက်ပံ့ပိုးကူညီသွားမည့်အခြေအနေ၊ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် တရားမဝင်လုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေးကိစ္စများ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်သွားရေးတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။