(၂၃-၆-၂၀၂၅ ရက်၊ ချင်းမိုင်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ၂၀-၆-၂၀၂၅ ရက်တွင် ချင်းမိုင်မြို့၊ ရှန်ဂရီလာဟိုတယ်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာဖြေရှင်းနိုင်ရေးနည်းလမ်းများ ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့က ကမကထပြု၍ ထိုင်းနိုင်ငံ၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ “Breathe together, Same Destiny: International Seminar on Solving the Haze Problem in the Northern Region” ခေါင်းစဉ်ဖြင့် ကျင်းပသည့် နိုင်ငံတကာစာတမ်းဖတ်ပွဲအခမ်းအနားသို့ တရုတ်ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်ဟိုင်ဖျင်၏ ဖိတ်ကြားချက်အရ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ကာ မီးခိုးမြူကိစ္စနှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါစာတမ်းဖတ်ပွဲမှာ ၂၀၂၅ ခုနှစ်တွင် ကျရောက်သည့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် နှစ် (၅၀) ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပသည့် လှုပ်ရှားဆောင်ရွက်မှု အစီအစဉ်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။
အဆိုပါအခမ်းနားသို့ ထိုင်းနိုင်ငံ၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် Mrs.Oranuj Lorphensri ၊ ချင်းမိုင်ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး Mr. Siwakorn Buapong ၊ မြန်မာ-လာအို-ထိုင်း-တရုတ်နိုင်ငံတို့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တက္ကသိုလ်အသီးသီးမှ ပါမောက္ခများ၊ သုတေသနပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။
အမှာစကားပြောကြားရာတွင် ကောင်စစ်ဝန်ချုပ်က ယနေ့ခေတ်တွင် မီးခိုးမြူပြဿနာသည် ကမ္ဘာ့နိုင်ငံအများအပြား ရင်ဆိုင်နေရသည့် ကျန်းမာရေးစိန်ခေါ်မှုတစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည်လည်း မီးခိုးမြူကြောင့် လေထုညစ်ညမ်းမှုပြဿနာနှင့် ရင်ဆိုင်နေရပါကြောင်း၊ စက်ရုံအလုပ်ရုံများနှင့် မော်တော်ယာဉ်များ၊ တောင်ယာမီးရှို့ခြင်းကဲ့သို့သော လူတို့၏လှုပ်ရှားဆောင်ရွက်မှုများကြောင့် မီးခိုးမြူဖြစ်ပေါ်သကဲ့သို့ တောမီးလောင်ကျွမ်းခြင်းကဲ့သို့သော သဘာဝအကြောင်းတရားများကြောင့်လည်း မီးခိုးမြူများ ဖြစ်ပေါ်လာပါကြောင်း၊ မီးခိုမြူများသည် နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်ကျော်လွန်၍ ဖြစ်ပေါ်လေ့ရှိသဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာအား မြန်မာ-လာအို-ထိုင်း (၃)နိုင်ငံအနေဖြင့် မီးခိုးမြူတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တက်တက်ကြွကြွ လုပ်ဆောင်လျက်ရှိပါကြောင်း၊ မီးခိုးမြူပြဿနာ ဖြေရှင်းရေးအတွက် အစိုးရအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှု တစ်ခုတည်းဖြင့် လုံလောက်မှုမရှိပါကြောင်း၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုမှာ အရေးကြီးပါကြောင်း၊ ဤနေရာတွင် ပြည်သူလူထုကို အသိပညာပေးရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများနှင့် ပညာရှင်များ၏ အခန်းကဏ္ဍသည် အလွန်ပင် အရေးပါပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ယခု စာတမ်းဖတ်ပွဲတွင် GMS အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မြန်မာ-တရုတ်-လာအို-ထိုင်းနိုင်ငံတို့မှ ပညာရှင်များ ပူးပေါင်းပါဝင်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဤစာတမ်းဖတ်ပွဲမှတစ်ဆင့် အတွေ့အကြုံများကို ဖလှယ်ခြင်းနှင့် မီးခိုးမြူပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မည့် ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
***************



