(၂၅-၈-၂၀၂၆၊ ချင်းမိုင်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက် (သောကြာနေ့)၌ ချင်းမိုင်တက္ကသိုလ်၊ ပရိဝုဏ်အတွင်းရှိ ဇာလဓမ္မခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ပါမောက္ခ ဒေါက်တာ ဖွန်ရတ် ဆီဘန်ဒစ် မွန်ခွန် ၏ ချင်းမိုင်တက္ကသိုလ်၊ ပါမောက္ခချုပ်အဖြစ် ဒုတိယအကြိမ်ရွေးချယ်ခန့်အပ်ခြင်းခံရသည့် အတွက် ပါမောက္ခချုပ်ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ ဆူရာကီယတ်ဆာသီရာထိုင်း၊ ချင်းမိုင်နှင့် လန်ပန်းခရိုင်တို့မှ အုပ်ချုပ်ရေးမှူးများ၊ ချင်းမိုင် မြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများနှင့် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးများမှ ကောင်စစ်ဝန်ချုပ် များ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များ၊ ချင်းမိုင်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ အဆင့်မြင့် အရာရှိကြီးများ၊ ချင်းမိုင်တက္ကသိုလ်မှ ဌာနကြီးမှူးများနှင့် ဆရာ၊ ဆရာမများ အပါအဝင် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ပါမောက္ခ ဒေါက်တာ ဖွန်ရတ် ဆီဘန်ဒစ်မွန်ခွန် သည် ထိုင်းဘုရင်မင်းမြတ်၏ အမိန့်တော်အရ ဒုတိယအကြိမ် ပါမောက္ခချုပ်အဖြစ် ပြန်လည်ခန့်အပ်ခြင်းခံရသူဖြစ်ပြီး ယခု ဒုတိယသက်တမ်း အား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်မှ ၂၀၃၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၄ ရက်အထိ တာဝန်ထမ်းဆောင် သွားမည်ဖြစ်ပါသည်။


