ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ပဋိကတ်သုံးပုံစာအုပ်များနှင့် အဋ္ဌကထာစာအုပ်များကို လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့ရှိ Buddhist Archives of Luang Prabang သို့ လှူဒါန်းခြင်း (၃၁-၇-၂၀၂၆၊ ဗီယင်ကျန်း)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက လှူဒါန်းသည့် ပဋိကတ်သုံးပုံစာအုပ် (၄၀) အုပ်နှင့် အဋ္ဌကထာစာအုပ် (၅၁) အုပ်တို့အား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လွန်ပရာဘန်မြို့ရှိ လွန်ပရာဘန်ပြည်နယ်ဆိုင်ရာ ဗုဒ္ဓပြတိုက် (Buddhist Archives of Luang Prabang) သို့ လွှဲပြောင်းလှူဒါန်းခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နံနက် (၀၉:၀၀) နာရီတွင် လွန်ပရာဘန်မြို့၊ လွန်ပရာဘန်ပြည်နယ်ဆိုင်ရာ ဗုဒ္ဓပြတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားသို့ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကို၊ လွန်ပရာဘန်ပြည်နယ် လာအိုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးတပ်ဦးမှ (Lao Front for National Development) မှ ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရတာဝန်ရှိသူများ၊ Lao Buddhist Fellowship Organisation မှ တာဝန်ရှိသူများ၊ သံဃာတော်များ၊ မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့မှ ပထမအတွင်းဝန်နှင့် ဓမ္မမိတ်ဆွေများ တက်ရောက်ခဲ့ကြသည်။


အဆိုပါလှူဒါန်းသည့် ထေရဝါဒဗုဒ္ဓသာသနာ၏ အရေးပါသော ကျမ်းဂန်အမွေအနှစ်များကို လွန်ပရာဘန်ပြည်နယ်၊ ဗုဒ္ဓပြတိုက်၌ မော်ကွန်းဝင်မှတ်တမ်းတင် သိမ်းဆည်းထားမည်ဖြစ်ပြီး သံဃာတော်များ၊ ပညာရှင်များ၊ သုတေသီများနှင့် အနာဂတ်မျိုးဆက်များအတွက် အဖိုးတန်လေ့လာကိုးကားရာ အရင်းအမြစ်များအဖြစ် အသုံးဝင်လာမည်ဖြစ်သည်။ ထိုသို့လှူဒါန်းမှုသည် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား ရှေးယခင်ကတည်းက တည်ရှိလာခဲ့သော ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေး၊ ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာလာစေပြီး ဗုဒ္ဓစာပေအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးတို့ကို အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရသည်။