အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁ ရက်နေ့တွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ H.E. Smt. Droupadi Murmu နှင့် ၎င်း၏ သမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လက်ရှိ ရွေးကောက်ခံအစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် အိန္ဒိယနိုင်ငံအနေဖြင့် အပြည့်အဝ ထောက်ခံအားပေးလျက်ရှိမှု၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုအမွေအနှစ်များ အပြန်အလှန် ထိန်းသိမ်းရေး၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား မိတ်ဆွေရင်း၊ မိတ်ဆွေကောင်းနိုင်ငံများ ဖြစ်မှုအခြေအနေများ၊ အမျိုးသမီးများကဏ္ဍ မြှင့်တင်ရေးအတွက် အတွေ့အကြုံများ မျှဝေနိုင်သည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် သမ္မတအိမ်တော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်လိုက်ပါသွားသည့် ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဒေါက်တာ ချာလီသန်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး အိန္ဒိယနိုင်ငံသမ္မတနှင့်အတူ အိန္ဒိယနိုင်ငံအစိုးရဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံ သံအမတ်ကြီး H.E. Shri Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။



***************

