ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားအား တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစီပယ်မြို့၌ ကျင်းပ (၂၃-၂-၂၀၂၃ ရက်)

(၂၃-၂-၂၀၂၃ ရက်၊ ချုံချင့်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ဦးစီး၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့ရှိ The Lixury Hotel ၌ ၂၃-၂-၂၀၂၃ ရက်၊ (၁၈၀၀) နာရီမှ (၂၀၃၀) နာရီအထိ ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ချုံချင့်မြူနီစီပယ်မြို့ ပြည်သူ့လွှတ်တော်မှ ဒုတိယဥက္ကဋ္ဌ Mr. Zhao Shiqing က အဓိကဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး၊ ချုံချင့်နိုင်ငံခြားရေးရာဌာန၊ အာရှရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Feng Zimin ၊ ယွီကျုံးခရိုင်အုပ်ချုပ်ရေးမှူး၊ ပါတီအတွင်းရေးမှူး၊ ယွီကျုံးခရိုင် နိုင်ငံခြားရေးရာဌာနမှ တာဝန်ရှိသူများ၊ ချန်သူးမြို့ နိုင်ငံခြားရေးရာဌာနမှ တာဝန်ရှိသူများ၊ ချုံချင့်မြူနီစီပယ်မြို့ ကုန်သွယ်ရေးကော်မတီ၊ ခရီးသွားလာရေးကော်မတီနှင့် ပညာရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ ချုံချင့်မြို့နှင့် ချန်သူးမြို့တို့မှ ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်ချုပ်ရုံး ယာယီတာဝန်ခံများ၊ ဒုတိယကောင်စစ်ဝန်ချုပ်များနှင့် ၎င်းတို့၏ ဇနီးများ၊ ချုံချင့်မြို့တွင် ပညာသင်ကြားနေသည့် မြန်မာပညာတော်သင်များ၊ ချုံချင့်မြို့ တက္ကသိုလ်များမှ ပါမောက္ခများ၊  ချုံချင့်မြို့ရှိ ကုန်သွယ်ရေးနှင့် စီးပွားရေးကုမ္ပဏီများမှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်၍ နှစ်နိုင်ငံအလံတို့ကို အလေးပြုခဲ့ကြပါသည်။ ထို့နောက် ချုံချင့်မြူနီစီပယ်မြို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Zhao Shiqing က ဂုဏ်ပြုမိန့်ခွန်းနှင့် မြန်မာကောင်စစ်ဝန်ချုပ် ဦးဇော်လင်းဦး က  အခမ်းအနားမိန့်ခွန်း တို့ကို ပြောကြားခဲ့ပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာ-တရုတ်(ချုံချင့်) နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍများတွင် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို ထည့်သွင်းပြောကြားခဲ့ပါသည်။ 

အခမ်းအနားတွင် မြန်မာ-တရုတ် ချစ်ကြည်ရေးနှင့် ရိုးရာယဉ်ကျေးမှုဖျော်ဖြေရေး အစီအစဉ်များအဖြစ် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ဝန်ထမ်းများက မြန်မာသင်္ကြန်အဆိုအကဖြင့် လည်းကောင်း၊ ချုံချင့်အိုလံပစ်အားကစားစင်တာမှ တရုတ်-မြန်မာချစ်ကြည်ရေး ဝင်ချွန်းကွန်ဖူးသိုင်း သရုပ်ပြသခြင်းဖြင့်လည်းကောင်း၊ ချုံချင့်မြို့ စစ်ချွမ်းနိုင်ငံခြားဘာသာတက္ကသိုလ်မှ မြန်မာစာ ဧည့်ပါမောက္ခ၏ တရုတ်သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်းဖြင့်လည်း‌ကောင်း တင်ဆက်ပြသခဲ့ပြီး၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာအစားအစာများအပါအဝင် စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကာ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဧည့်ခံပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။