ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ဘရာဇီးလ်နိုင်ငံ၊ ဆော်ပိုလိုကုန်သည်ကြီးများအသင်း တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ ကျင်းပ(၁၂-၁၂-၂၀၂၂ ရက်)

(၁၂-၁၂-၂၀၂၂ ရက်၊ ဘရာဇီးလျား)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဘရာဇီးလ်နိုင်ငံ၊ ဆော်ပိုလိုကုန်သည်ကြီးများအသင်း (ACSP) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ၁၂-၁၂-၂၀၂၂ ရက်တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ရာ ဆော်ပိုလိုကုန်သည်ကြီးများအသင်းနှင့် မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် တို့၏ ဖိတ်ကြားချက်အရ ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံ လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ နားလည်မှုစာချွန်လွှာကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်နှင့် ဘရာဇီးလ်နိုင်ငံ၊ ဆော်ပိုလိုကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Alfredo Cotait Neto တို့မှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

နားလည်မှုစာချွန်လွှာအရ မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား နှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ မျှဝေခြင်းနှင့် မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့မှ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် သင့်လျော်သည့် အစီအမံများ ချမှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။