ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

(၂၁-၃-၂၀၂၂ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကမ္ဘောဒီးယာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး နှင့် အာဆီယံဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ် မစ္စတာ ပရပ်ဆုတ်ခွန်း နှင့် အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာဒါတိုလင်ကျောက်ဟွိုင်တို့အား ၂၀၂၂ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့၊ (၁၄၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းသည် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ် ဖြစ်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ယင်းမှတစ်ဆင့် နားလည်မှုနှင့် ယုံကြည်မှုကို တည်ဆောက်နိုင်ကာ အာဆီယံတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်လိမ့်မည်ဟု အလေးထားပြောကြားခဲ့ပါ သည်။ ပြည်ထောင်စုဝန်ကြီးက တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်လောင်း ကတိပြုခဲ့ပြီး မြန်မာနိုင်ငံ၏ ကတိကဝတ်သည် အပြောသက်သက်မဟုတ်ဘဲ အလုပ်ဖြင့် သက်သေပြခဲ့သည်မှာ ဂျကာတာတွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင် တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား နေပြည်တော်ရှိ MGallery Hotel ၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။