ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်

(၃၀-၃-၂၀၂၂ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်သည် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့၊ နံနက် ၁၀:၀၅ နာရီတွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့ ပါဝင် တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ဘင်းမ်စတက်အလှည့်ကျဉက္ကဋ္ဌဖြစ်သည့် သီရိလင်္ကာနိုင်ငံမှ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ (H.E. Gotabaya Rajapaksa) က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး အခြားဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဉီးဝဏ္ဏမောင်လွင်က မိန့်ခွန်းပြောကြားရာတွင် ယနေ့ထိပ်သီးအစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား ပါဝင်တက်ရောက်ရသည့်အတွက် ဂုဏ်ယူမိကြောင်း၊ ယခု ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသည် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းနှင့် အခြား အရေးကြီးသော သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခြင်းဖြင့် သမိုင်းတွင်မည့် မှတ်တိုင်တစ်ရပ်ကို စိုက်ထူနိုင်သည်ဖြစ်ရာ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ပေးခဲ့သည့် အိမ်ရှင် သီရိလင်္ကာနိုင်ငံကို ချီးကျူးဂုဏ်ပြုကြောင်း၊ ယခုကဲ့သို့ ဘင်းမ်စတက်ပဋိညာဉ်စာတမ်းကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခြင်းသည် ဘင်းမ်စတက်အဖွဲ့ကြီးအား စည်းမျဉ်းစည်းကမ်းကို အခြေပြုသည့် အဖွဲ့အစည်းအဖြစ်သို့ ရောက်ရှိစေခဲ့ကြောင်း၊ ဘင်းမ်စတက်ပဋိညာဉ်စာတမ်းသည် အချုပ်အခြာအာဏာ တန်းတူရည်တူရှိမှု၊ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်မှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန်လေးစားမှုနှင့် တူညီဆန္ဒအပါအဝင် လက်ရှိကျင့်သုံးလျက်ရှိသည့် ဘင်းမ်စတက်၏ မူဝါဒများကို ထပ်လောင်းအတည်ပြုထားကြောင်း၊ အချုပ်အခြာအာဏာ တန်းတူရည်တူရှိမှုဆိုင်ရာ မူဝါဒသည် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရာ၌ အပြန်အလှန် စိတ်ချယုံကြည်မှုနှင့် အပြန်အလှန်နားလည်ပေးနိုင်မှုကို တိုက်ရိုက်ချိတ်ဆက်ဖြစ်ပေါ်စေကြောင်း၊ ကမ္ဘာ့စီးပွားရေး ကျဆင်းနေချိန်တွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ(၇)နိုင်ငံ၏ စုစည်းညီညွတ်မှုဖြင့် “ဒေသတွင်း ကြံ့ကြံ့ခံနိုင်စွမ်းရှိမှု” ကို အခိုင်အမာတည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည်မိကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်မှုဝါဒသည် လူသားမျိုးနွယ်စုအားလုံးအတွက် လက်မခံနိုင်သည့်ကိစ္စ ဖြစ်ကြောင်း၊ မည်သူကဖြစ်စေ၊ မည်သည့်နေရာတွင်ဖြစ်စေ၊ မည်သည့်အတွက်ကြောင့်ဖြစ်စေ လုပ်ဆောင်လာသည့် အကြမ်းဖက်မှုဟူသမျှကို မလွဲမသွေ ရှုတ်ချရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ဘင်းမ်စတက်၏ “အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု၊ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းနှင့် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကွန်ဗင်းရှင်း” သက်ဝင်လာခြင်းနှင့် ယခုထိပ်သီးအစည်းအဝေးတွင် “ရာဇဝတ်မှုခင်းဆိုင်ရာ ကိစ္စရပ်များ၌ ဉပဒေပိုင်းဆိုင်ရာ အပြန်အလှန် အကူအညီပေးမှု ဘင်းမ်စတက်ကွန်ဗင်းရှင်း” ကို လက်မှတ်ရေးထိုးနိုင်မှုတို့ကို ကြိုဆိုကြောင်း၊ လာမည့်အလှည့်ကျဉက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ထိုင်းနိုင်ငံကိုလည်း ဂုဏ်ယူကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည့် အဖွဲ့ဝင်နိုင်ငံအကြီးအကဲများက ဘင်းမ်စတက်ပဋိညာဉ်စာတမ်းကို လက်မှတ် ရေးထိုးခဲ့ပြီး လက်မှတ်ရေးထိုးထားသည့် စာမျက်နှာကို တီဗီဖန်သားပြင်တွင် ပြသခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုးထားသည့် စာမျက်နှာကို အခြားအဖွဲ့ဝင်နိုင်ငံများမှ အကြီးအကဲများ ပြသချိန်တွင် တစ်ပြိုင်တည်း ပြသခဲ့သည်။

အဆိုပါထိပ်သီးအစည်းအဝေးတွင် ရာဇဝတ်မှုခင်းဆိုင်ရာကိစ္စရပ်များ၌ ဉပဒေပိုင်း အပြန်အလှန် အကူအညီပေးမှုဆိုင်ရာ ဘင်းမ်စတက်ကွန်ဗင်းရှင်း၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏ သံတမန်သင်တန်းကျောင်းများအကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် ဘင်းမ်စတက် နည်းပညာ လွှဲပြောင်းရေး အဆောက်အအုံ တည်ထောင်ရေး နားလည်မှုစာချွန်လွှာတို့ကိုလည်း အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါသဘောတူညီချက်(၃)ခုကို မြန်မာနိုင်ငံကိုယ်စား သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးဟန်သူက ကိုလံဘိုမြို့၌ လူကိုယ်တိုင် ပါဝင်တက်ရောက် လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများနှင့် ကဏ္ဍခွဲများ ပြင်ဆင်သတ်မှတ်သည့် လုပ်ငန်းစဉ်နှင့် ဘင်းမ်စတက်ပို့ဆောင်ဆက်သွယ်မှုမြှင့်တင်ရေး စီမံချက်တို့ကို အတည်ပြုခဲ့သည်။ ဘင်းမ်စတက်ဖွဲ့စည်းပုံအသစ်အရ မြန်မာနိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၌ ဉီးဆောင်နိုင်ငံအဖြစ် တာဝန်ယူမည်ဖြစ်သည်။

အစည်းအဝေးတွင် သီရိလင်္ကာနိုင်ငံသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ က ဘင်းမ်စတက် ဉက္ကဋ္ဌရာထူးကို အလှည့်ကျနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှ ဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာ (H.E. General Prayut Chan-o-cha (Retd) )ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

အစည်းအဝေးအပြီးတွင် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး ကြေညာစာတမ်းကို အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်ခဲ့သည်။