

(၂၉-၃-၂၀၂၂ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂၉-၃-၂၀၂၂ ရက်၊ နံနက် ၁၀:၂၅ နာရီတွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၁၈) ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် သီရိလင်္ကာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂါမနိ လပ်က်ရှ်မင်းန် ပီးရဲစ် (H.E. Professor Gamini Lakshman Peiris) က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အခြား ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့လည်း ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများက မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်းပြောကြားခဲ့ရာတွင် ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘုံရည်မှန်းချက်အတွက် အဖွဲ့ဝင်နိုင်ငံများအကြား နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ယခုနှစ်၊ ဇွန်လ ၆ ရက်တွင် (၂၅) နှစ်ပြည့် ငွေရတုမှတ်တိုင် စိုက်ထူထားနိုင်ပြီဖြစ်သည်ကို ကျေနပ်ဖွယ်ရာ တွေ့မြင်ရကြောင်း၊ သဘာဝဘေးအန္တရာယ်၊ ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါနှင့် လူဉီးရေ တိုးတက်လာမှုတို့သည် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း၌ ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝသည့် စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် မွေးမြူရေးကဏ္ဍတို့၌ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတွင် အတည်ပြုမည့် “ဘင်းမ်စတက်ပို့ဆောင်ဆက်သွယ်မှု မြှင့်တင်ရေးစီမံချက်” သည် ဒေသတွင်းပေါင်းစည်းနိုင်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ရုံသာမက ဒေသတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကိုလည်း တိုးမြှင့်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ အလားတူ ဒေသတွင်း အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို နှိမ်နင်းဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုတို့သည် ခိုင်မာသည့် ခွန်အားတစ်ရပ်ဖြစ်စေမည်ဖြစ်ကြောင်း၊ ဘင်းမ်စတက်ဒေသသည် သဘာဝဘေးအန္တရာယ်များ မကြာခဏ ကျရောက်လေ့ရှိကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ စွမ်းဆောင်ရည်များ တိုးတက်လာစေရေးအတွက် သင်တန်းများနှင့် PANEX-21 ကဲ့သို့ ပူးပေါင်းလေ့ကျင့်ခန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အိန္ဒိယနိုင်ငံကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း၊ မတူကွဲပြားသော ဘာသာတရား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများအပေါ် အပြန်အလှန် နားလည်မှုကို မြှင့်တင်ပေးရန်အတွက် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ပေးရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့် အချုပ်အခြာအာဏာ တန်းတူညီတူရှိမှု၊ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်မှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန် လေးစားမှုနှင့် တူညီဆန္ဒ စသည့် အခြေခံမူများကို တိကျစွာ လိုက်နာကျင့်သုံးလျက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ထားရှိမှုကို ထပ်လောင်း အတည်ပြုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများက ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးတွင် အတည်ပြု/လက်မှတ်ရေးထိုးမည့် စာရွက်စာတမ်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေအပေါ် ဆွေးနွေးခဲ့ကြပြီး၊ (၁၈) ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအစီရင်ခံစာကို အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီချက်ဖြင့် အတည်ပြုနိုင်ခဲ့သည်။
ထို့နောက် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂါမနိ လပ်က်ရှ်မင်းန် ပီးရဲစ် က ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှု အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်(ဒ်)ဝီနိုင်း (H.E. Mr. Don Pramudwinai) ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

