ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ပြည်ပရောက် မြန်မာအသိုက်အဝန်းများမှ လှူဒါန်းသော အလှူငွေများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံသို့ လွှဲပြောင်းပေးအပ်

(၂-၁-၂၀၂၀ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သည့်ဒေသများရှိ ပြည်သူများ၏ ပြန်လည် ထူထောင်ရေးအတွက် ပြည်ပရောက် မြန်မာအသိုက်အဝန်းများမှ ပေးပို့ထားသော လှူဒါန်းငွေများအား ၂၀၂၀ ပြည့်နှစ်သစ်အခါသမယဖြစ်သည့် ၂-၁-၂၀၂၀ ရက်၊ မွန်းလွဲ ၁၄၀၀ နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ပြည်ပရောက် မြန်မာအသိုက်အဝန်းများဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ National Humanitarian Fundraising For Myanmar (NHFMM) အဖွဲ့မှ မွန်ပြည်နယ်ရှိ ရေဘေးဒဏ်ခံခဲ့ရသည့် ပြည်သူများ၏ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၂၀,၀၀၀) နှင့် ကရင်ပြည်နယ်ရှိ ပြည်သူများ၏ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၁၁,၂၃၁)၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၃၁,၂၃၁)၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆော်ဒီအာရေဗျနိုင်ငံတွင် နေထိုင်လျက်ရှိသော စေတနာရှင်မိသားစုများမှ လှူဒါန်းငွေ စုစုပေါင်း ဆော်ဒီရီရယ် (၁၈,၀၀၀) နှင့် ညီမျှသော အမေရိကန်ဒေါ်လာ (၄,၇၇၅)၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်များ အတွက် ရည်မှန်း၍ တောင်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်၊ မြန်မာအသိုက်အဝန်းအတွင်းရှိ စေတနာရှင်များမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃၅၀) တို့အား လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။