ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

(၂၁-၃-၂၀၂၂ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုလှိုင်သည် ကမ္ဘောဒီးယာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မစ္စတာ ပရပ်ဆုတ်ခွန်းနှင့် အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဒါတိုလင်ကျောက်ဟွိုင်တို့အား ၂၀၂၂ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့၊ (၁၅၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးနှင့် အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးခြင်းဆိုင်ရာ ပထမအဆင့် လုပ်ငန်းစဉ် အကောင်အထည်ဖော်ခြင်း၊ ဒုတိယအဆင့်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် အပြန် အလှန် စိတ်ဝင်စားမှုရှိသည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံ ခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ခိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။