ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အမေရိကန်ရောက် မြန်မာအသိုက်အဝန်းများက လှူဒါန်းသည့် ရေဘေး ပြန်လည်ထူထောင်ရေး အလှူငွေ လက်ခံရယူ (၂-၁၀-၂၀၁၈ ရက်၊ နယူးယောက်မြို့)

(၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိသော မြန်မာကိုယ်စားလှယ်အဖွဲ့ ကိုယ်ခွဲခေါင်းဆောင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ၁-၁၀-၂၀၁၈ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၂၀ဝ နာရီအချိန်တွင် နယူးယောက်မြို့၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မြန်မာလူမှုရေးအဖွဲ့များဖြင့် ဖွဲ့စည်းထားသော National Humanitarian Fundraising For Myanmar (NHFMM) က မြန်မာနိုင်ငံ၊ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက NHFMM ၏ အလှူငွေ လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိကြောင်း အမှာစကား ပြောကြားခဲ့ပြီး NHFMM ကိုယ်စား မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးဝီလျံစူး (ခေါ်) ဦးသိန်းဟန်က အမေရိကန်ဒေါ်လာ ၁၅,ဝ၀ဝ ကို ပြည်ထောင်စုဝန်ကြီးထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

National Humanitarian Fundraising For Myanmar (NHFMM) ကို နယူးယောက်မြို့ မြန်မာ-တရုတ်အသင်း (Myanmar-Chinese Association of New York) ၊ မြန်မာ-အမေရိကန် ဆေးပညာအသင်း (Myanmar-American Medical Education Society) ၊ မြန်မာပြည်ဖွား ကုလသမဂ္ဂဝန်ထမ်းများအသင်း (UNSRC- Myanmar Cultural Club) ၊ ရခိုင်သင်္ကြန်အသင်း (Rakhine Thingyan Association) ၊ မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်း (Myanmar-U.S. Chamber of Commerce) ၊ မြန်မာ-အမေရိကန် ရှေ့နေအသင်း (US Myanmar Legal Counsel) ၊ Burma Point အသင်းနှင့် မြန်မာ လူမှုအသိုက်အဝန်းအသင်း (Myanmar Community’s Individual) တို့ဖြင့် ဖွဲ့စည်းထားပါသည်။ NHFMM အနေဖြင့် မြန်မာနိုင်ငံ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် မြန်မာအစားအစာနှင့် မြန်မာအထိမ်းအမှတ် လက်မှုပစ္စည်း ဈေးရောင်းပွဲတော်ကို ၂၃-၉-၂၀၁၈ ရက်တွင် နယူးယောက်မြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ဈေးရောင်းပွဲမှ ရရှိသည့် အလှူငွေ အမေရိကန်ဒေါ်လာ ၁၅,ဝ၀ဝ ကို ယခုကဲသို့ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။