ပြည်ထောင်စုဝန်ကြီးဦးကျော်တင် ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကိုယ်စားလှယ် Ms. Virginia Gamba နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten တို့နှင့် သီးခြားစီတွေ့ဆုံ

(၂-၁၀-၂၀၁၉ ရက်၊ နယူးယောက်မြို့)

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ၃၀-၉-၂၀၁၉ ရက်တွင် ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကိုယ်စားလှယ် (SRSG) Ms. Virginia Gamba အား မွန်းလွဲပိုင်း ၁၅၀၀ နာရီမှ ၁၆၃၀ နာရီအထိလည်းကောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် (SRSG) Ms. Pramila Patten အား ၁၆၃၀ နာရီမှ ၁၇၁၀ နာရီအထိလည်းကောင်း နယူးယောက်မြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် သီးခြားစီ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးတို့ တက်ရောက်သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက SRSG Ms. Virginia Gamba အား လက်ရှိ မြန်မာနိုင်ငံတွင် ကလေးသူငယ်ကာကွယ်ရေး ဥပဒေသစ် မကြာမီက အတည်ပြုပြဋ္ဌာန်းခဲ့မှု၊ Optional Protocol to the Convention on the Rights of the Child on the involvement of children in armed conflict (OPAC) အား အတည်ပြုခဲ့မှုအပါအဝင် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ ကာကွယ်မြှင့်တင်မှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကြေထိခိုက် ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများအား ကာကွယ်တားဆီးရေး လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းပြောကြာပြီး၊ အထူးကိုယ်စားလှယ်ရုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten နှင့် တွေ့ဆုံရာ၌ မြန်မာအစိုးရအနေဖြင့် အမျိုးသမီးများ အကြမ်းဖက်မှုကာကွယ်ရေးဆိုင်ရာ ဥပဒေကြမ်းတစ်ရပ် ရေးဆွဲနေမှု၊ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique) အကောင်အထည်ဖော်ရေးအတွက် ဝန်ကြီးဌာနပေါင်းစုံပါဝင်သော ကော်မတီဖွဲ့စည်း ဆောင်ရွက်နေမှုနှင့် အမျိုးသားလုပ်ငန်းစီမံချက် (မူကြမ်း) ကို ရေးဆွဲလျက် ရှိသည့် အခြေအနေနှင့် ကုလသမဂ္ဂထံမှ နည်းပညာအကူအညီများ ရယူပြီး ပူးပေါင်းဆောင်ရွက်သွားရန်ရှိသည့်ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။