(၁၂- ၈- ၂၀၂၅ ရက်၊ ပေကျင်း)
ပေကျင်းမြို့ရှိ မြန်မာသံအမတ်ကြီး၏ဇနီး ဒေါ်မိမိမော် ဦးဆောင်သော မြန်မာသံရုံးဝန်ထမ်း များသည် အာဆီယံအမျိုးသမီးများအဖွဲ့ (ASEAN Ladies Circle – Beijing) က အလှည့်ကျ ပြုလုပ်လေ့ရှိသည့် Tea Gathering လှုပ်ရှားမှုကို ၁၂-၈-၂၀၂၅ ရက်တွင် ပေကျင်းမြို့ မြန်မာသံရုံး၌ လက်ခံကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာသံအမတ်ကြီး၏ ဇနီးနှင့်အတူ ဘရူနိုင်းသံအမတ်ကြီး၏ ဇနီး၊ ဖိလစ်ပိုင်သံအမတ်ကြီး၏ ဇနီး၊ အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ်၏ ဇနီးနှင့်အခြားသော အာဆီယံသံရုံးများမှ အမျိုးသမီးဝန်ထမ်းများနှင့် ဇနီးများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာသံအမတ်ကြီး၏ ဇနီး ဒေါ်မိမိမော်က နှုတ်ခွန်းဆက် အဖွင့် အမှာစကားပြောကြားရာ၌ အာဆီယံအမျိုးသမီးများကို မြန်မာသံရုံးမှ ကြိုဆိုပါကြောင်း၊ ယနေ့ အခမ်းအနားတွင် ယူနက်စကို၏ ယဉ်ကျေးမှုအမွေအနှစ်စာရင်း၌ ထည့်သွင်းနိုင်ရေး ကြိုးပမ်းနေ သည့် မြန်မာ့ရိုးရာအလှကုန်ဖြစ်သည့် သနပ်ခါး၏ သမိုင်းကြောင်းနှင့် အသုံးပြုပုံများကို ရှင်းလင်း မိတ်ဆက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာ့ရိုးရာသနပ်ခါး အကြောင်း ရှင်းလင်းပြောကြားခြင်း၊ သနပ်ခါးအသုံးပြုပုံသရုပ်ပြသခြင်းတို့လည်း ပါဝင်ပြီး အာဆီယံ အမျိုးသမီးများကိုယ်တိုင် သနပ်ခါးသွေး၍ စမ်းသပ်လိမ်းခြယ်မှုများ ပြုလုပ်ခဲ့ကြကာ၊ သံရုံးဝန်ထမ်း နှင့် မိသားစုဝင်များမှ “မင်္ဂလာပါသီချင်း”၊ “မောင့်ချစ်သူမြန်မာမလေး” သီချင်းတို့ဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေခဲ့ကြပါသည်။ ယင်းနောက် မြန်မာ့ရိုးရာ အစားအစာများဖြစ်သော နို့ခေါက်ဆွဲ၊ ငါးထမင်းနယ်၊ လက်ဖက်သုပ် စသည်တို့ဖြင့် တည်ခင်း ဧည့်ခံခဲ့ကြပါသည်။ ထို့ပြင် လက်ရှိ အာဆီယံ အမျိုးသမီးများအဖွဲ့ (ASEAN Ladies Circle – Beijing) ၏ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ဗီယက်နမ် သံရုံးမှ ဘရူနိုင်းသံရုံးသို့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးအပ်သည့် အစီအစဉ်လည်း ပါဝင်ခဲ့ပြီး၊ မြန်မာသံအမတ်ကြီး၏ ဇနီးမှ အသိသက်သေအဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရှိရပါသည်။

