(၂၅-၁၁-၂၀၂၂ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံ၊ အန်ဒမန်နှင့် နီကိုဘာကျွန်းရှိ ပို့ဘလဲ Open Distress Camp တွင် ထိန်းသိမ်း ထားရှိသော အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးသူ၊ နီကိုဘာကျွန်းတောင်ဘက်တွင် ရေမျောနေသဖြင့် အိန္ဒိယနိုင်ငံမှ ကယ်ဆယ်ထားသူ၊ မြန်မာနိုင်ငံသားစိစစ်ပြီးသူ ရေလုပ်သား (၄၃) ဦးတို့အား ၂၄-၁၁-၂၀၂၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ပါသည်။ အဆိုပါမြန်မာနိုင်ငံသား (၄၃) ဦးအား ပြန်လည်ပို့ဆောင်ရန်အတွက် အိန္ဒိယနိုင်ငံပြည်ပရေးရာ ဝန်ကြီးဌာနဖြင့် ဆက်သွယ်ဆောင်ရွက်လျက် မြန်မာသံရုံး၊ နယူးဒေလီမြို့မှ အရာထမ်း(၂)ဦးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့မှ အမှုထမ်း (၁)ဦး၊ ဒေသခန့် ဝန်ထမ်း(၁)ဦးမှ ပို့ဘလဲမြို့သို့သွားရောက်၍ သက်ဆိုင်ရာ immigration officer များ၊ open distress camp ရှိ တာဝန်ရှိသူ အာဏာပိုင်များနှင့် တွေ့ဆုံကာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) ထုတ်ပေးခြင်း၊ အိန္ဒိယနိုင်ငံမှ ထွက်ခွါနိုင်ရန် exit permit လျှောက်ထားခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ၂၄-၁၁-၂၀၂၂ ရက်နေ့တွင် ပို့ဘလဲ-ကော်လ်ကတ္တား-ရန်ကုန် ခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပါသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် ရန်ကုန်မြို့သို့ ၂၄-၁၁-၂၀၂၂ ရက်နေ့တွင် MAI လေကြောင်းအမှတ်၊ 8M608 ဖြင့် ၂၁:၂၀ နာရီခန့်တွင် ရောက်ရှိခဲ့ပါသည်။ ဖော်ပြပါရေလုပ်သားများ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် ခရီးစရိတ်ကို သီတဂူဆရာတော် အဘိဓဇမဟာရဠဂုရု ဘဒ္ဒန္တ ဉာဏိဿရဆရာတော်ကြီးမှ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။






