(၃-၇-၂၀၂၅ ရက်၊ ဘာလင်)
“(၄၆) ကြိမ်မြောက် အာရှ-ဥရောပဖောင်ဒေးရှင်း (ASEF) အုပ်ချုပ်ရေးမှူးများ ဘုတ်အဖွဲ့ အစည်းအဝေး” ကို ပိုလန်နိုင်ငံ၊ Krakow မြို့၊ အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုစင်တာ၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ရာ၊ မြန်မာကိုယ်စားလှယ် သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဟန်သိန်းကျော် ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေး၏ သဘာပတိအဖြစ် ဥရောပသမဂ္ဂမှ သံအမတ်ကြီး H.E. Mr. Ioannis Argyropoulos က ဆောင်ရွက်ခဲ့ပြီး၊ အစည်းအဝေးသို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ ASEF အမှုဆောင်ညွှန်ကြားရေးမှူး ပိုလန်နိုင်ငံမှ သံအမတ်ကြီး H.E. Beata Stoczynska ၊ ASEF ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး တရုတ်နိုင်ငံမှ Mr. Zhang Lei ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ် H.E. Mr. Nararya S. Soeprapto အပါအဝင် ASEF အုပ်ချုပ်ရေးမှူး များ၊ ကိုယ်စားလှယ်များနှင့် ASEF အမှုဆောင်ရုံးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး တက်ရောက်လာကြသူများက ASEF ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ၊ နှစ်စဉ်ထည့်ဝင်ကြေး (သဒ္ဓါကြေး) ထည့်ဝင်နေမှုများနှင့် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တို့တွင် ASEF က အကောင်အထည်ဖော်ရန်ရှိသည့် စီမံကိန်း (Project) များအပေါ် ခြုံငုံသုံးသပ်ကာ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
မြန်မာနိုင်ငံသည် အာရှ-ဥရောပ ပူးပေါင်းဆောင်ရွက်မှုအပေါ် အလေးထားသည့် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ၂၀၀၅-၂၀၀၆ ခုနှစ်မှစတင်၍ ASEF သို့ နှစ်စဉ်ထည့်ဝင်ကြေး (သဒ္ဓါကြေး) များ ပုံမှန်ထည့်ဝင်လျက်ရှိပါသည်။
ASEF အုပ်ချုပ်ရေးမှူးများ အားလုံးတက်ရောက်သည့် ဘုတ်အဖွဲ့ စုံညီအစည်းအဝေး (Full Board Meeting) ၌ မြန်မာကိုယ်စားလှယ်က ယခုအစည်းအဝေးကို အိမ်ရှင်အဖြစ် Krakow မြို့၌ လက်ခံကျင်းပပေးသည့် ပိုလန်နိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း၊ ASEF က အကောင်အထည်ဖော်လျက်ရှိသည့် စီမံကိန်းများ တိုးတက်များပြားလာသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် ASEF ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများအောင်မြင်စေရေးအတွက် ASEF အမှုဆောင်ညွှန်ကြားရေးမှူးနှင့် အမှုဆောင်ရုံးအဖွဲ့မှ ဝန်ထမ်းများအားလုံး၏ ကြိုးပမ်းအားထုတ်မှုများအပေါ် အသိအမှတ်ပြုပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
အစည်းအဝေး၌ အာရှဒေသအုပ်စုမှ အဆိုပြုသည့် ထိုင်း နှင့် ကိုရီးယားအုပ်ချုပ်ရေးမှူး တို့ အား အာရှဒေသအုပ်စု၏ အမှုဆောင်ကော်မတီဝင်အဖြစ်လည်းကောင်း၊ ဥရောပဒေသအုပ်စုမှ အဆိုပြုသည့် စပိန်အုပ်ချုပ်ရေးမှူး အား ဥရောပဒေသအုပ်စု၏ အမှုဆောင်ကော်မတီဝင်အဖြစ် လည်းကောင်း ရွေးကောက်တင်မြှောက်ခဲ့ပါသည်။
ဇွန်လ ၂၅ ရက်၊ ညနေပိုင်းတွင် Krakow မြို့တော်ဝန် H.E. Aleksander Miszalski က အစည်းအဝေးတက်ရောက်လာကြသည့် ကိုယ်စားလှယ်များအား Krakow မြို့၊ Wielopolski Palace ၌ ဂုဏ်ပြုကြိုဆိုဧည့်ခံပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ အလားတူ ဇွန်လ ၂၇ ရက် ညနေပိုင်းတွင် အစည်းအဝေးတက်ရောက်လာကြသည့် ကိုယ်စားလှယ်များအတွက် ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ASEF ယဉ်ကျေးမှုပွဲတော်နှင့် ဂုဏ်ပြုညစာစားပွဲတစ်ရပ်ကို Krakow မြို့ရှိ Manggha Museum ၌ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။
အာရှ-ဥရောပဖောင်ဒေးရှင်း (ASEF) သည် အာရှနှင့် ဥရောပရှိ ပြည်သူလူထုနှင့် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု လွယ်ကူစေရေး၊ ဆက်ဆံရေး ခိုင်မြဲစေရေးနှင့် နားလည်မှု မြှင့်တင်ရေးတို့တွင် အထောက်အကူပြုပါသည်။ ASEF ကို အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (ASEM) က ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ယေဘုယျအားဖြင့် ASEF ၌ အာရှနှင့် ဥရောပမှ မိတ်ဖက်အဖွဲ့ဝင်နိုင်ငံပေါင်း ၅၁ နိုင်ငံ (ဥရောပနိုင်ငံ ၃၀ နှင့် အာရှနိုင်ငံ ၂၁ နိုင်ငံ) နှင့် အဖွဲ့အစည်း (၂) ခု (ဥရောပသမဂ္ဂ နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး) တို့ ပါဝင်ပါသည်။ ၁၉၉၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်တည်ထောင်ခဲ့သည့် ASEF သည် ASEM ၏ အမြဲတမ်းအဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး၊ စင်ကာပူနိုင်ငံ၌ အခြေစိုက်ကြောင်း သိရှိရပါသည်။
**************


