ပါရီမြို့ရှိ စင်ကာပူသံအမတ်ကြီး H.E.Mr. Umej Bhatia ဦးဆောင်၍ အာဆီယံ သံအမတ်ကြီးများနှင့် ပါရီမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (International Energy Agency – IEA) မှ အမှုဆောင်ဒါရိုက်တာ Dr.Fatih Birol တို့အကြား ဒေသတွင်းစွမ်းအင်အကျပ်အတည်းနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ အလုပ် သဘော နေ့လယ်စာစားပွဲကို ၂၀-၅-၂၀၂၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ ပါရီမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ညွန့်ဦးသည် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အလုပ်သဘော နေ့လယ်စာ စားပွဲတွင် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းစွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုများ၊ လက်ရှိစွမ်းအင်အကျပ်အတည်းနှင့် အရှေ့တောင်အာရှဒေသအပေါ် သက်ရောက်မှုများ၊ IEA ၏ အရှေ့တောင်အာရှဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ပါရီမြို့ရှိ အာဆီယံသံရုံးများနှင့် IEA တို့အကြား စွမ်းအင်ကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
IEA သည် ၁၉၇၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပါရီမြို့တွင် ရုံးစိုက်၍ စွမ်းအင်လုံခြုံရေး၊ သန့်ရှင်းသော စွမ်းအင်အဖြစ်ပြောင်းလဲရေးနှင့် ရေရှည်တည်တံ့သော စွမ်းအင်စနစ်ဖြစ်ရေးတို့အတွက် အစိုးရများကို ပံ့ပိုးပေးနေသည့် စွမ်းအင်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်တွင် ပါရီမြို့ပြင်ပ၌ ၎င်း၏ပထမဆုံး ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုစင်တာကို စင်ကာပူမြို့တွင် တည်ထောင်ခဲ့ပါသည်။


