(၂၈-၁-၂၀၂၆ ရက်၊ ပါရီ)
ပါရီမြို့ရှိ အာဆီယံကော်မတီအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်၊ ဒေသစံတော်ချိန် ၁၀၀၀ နာရီတွင် အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် လာအိုသံအမတ်ကြီးမှ ကျင်းပပြုလုပ်ခဲ့ရာ ပါရီမြို့ အခြေစိုက် အာဆီယံသံရုံး အကြီးအကဲများနှင့်အတူ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ညွန့်ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေး၌ အသစ်ရောက်ရှိလာသည့် မြန်မာသံအမတ်ကြီးနှင့် စင်ကာပူသံအမတ်ကြီးတို့က မိတ်ဆက်စကားပြောကြားကြပြီး ပါရီမြို့ရှိ အာဆီယံကော်မတီ၏ ဆောင်ရွက်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များ၊ ၂၀၂၅ ခုနှစ်တွင် မလေးရှားနိုင်ငံက အာဆီယံအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ် ဆောင်ရွက်ချက်များ၊ ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံအဖွဲ့ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ် ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များကို အာဆီယံသံရုံးအကြီးအကဲများအကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် ပါရီမြို့ရှိအာဆီယံကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လာအိုသံအမတ်ကြီးမှ မလေးရှားသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။



