(၁၃-၁-၂၀၂၃ ရက်၊ အစ္စလာမာဘတ်)
ပါကစ္စတန်အစ္စလာမ်မစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးဝင်းမြင့် သည် ၁၂-၁-၂၀၂၃ ရက်၊ နံနက် (၁၀၃၀) နာရီတွင် Institute of Strategic Studies Islamabad (ISSI) ရုံးခန်း၌ ကျင်းပသည့် အာဆီယံသံရုံးအကြီးအကဲများနှင့် ISSI ညွှန်ကြားရေးမှူးချုပ် သံအမတ်ကြီး Sohail Mahmood တို့ တွေ့ဆုံသည့် အခမ်းအနားသို့ အစ္စလာမာဘတ်မြို့ အခြေစိုက် အာဆီယံ သံရုံးအကြီးအကဲများနှင့် သံရုံးယာယီတာဝန်ခံများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ပါကစ္စတန် China-Pakistan Study Centre-CPSC မှ ညွှန်ကြားရေးမှူး Dr. Talat Shabbir မှ အဖွင့်အမှာစကား ပြောကြားပြီး၊ ASEAN Committee in Islamabad-ACI အလှည့်ကျ ဥက္ကဋ္ဌ ပါကစ္စတန်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Mr. Nguyen Tien Phong ၊ ထိုင်း သံအမတ်ကြီး Mr. Chakkrid Krachaiwong ၊ အင်ဒိုနီးရှား သံအမတ်ကြီး Mr. Adam M. Tugio ၊ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးဝင်းမြင့်၊ ဖိလစ်ပိုင်သံရုံး ယာယီတာဝန်ခံ Ms. Maria Agnes M. Cervantes ၊ ဘရူနိုင်းသံရုံး ယာယီတာဝန်ခံ Mr. Abdul Mubdi Osman နှင့် မလေးရှားသံရုံး ယာယီတာဝန်ခံ Mr. Nor Azuan Haji Ayub နှင့် ISSI ညွှန်ကြားရေးမှူးချုပ် သံအမတ်ကြီး Sohail Mahmood တို့မှ အလှည့်ကျ အမှာစကားများ ပြောကြားပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ငြိမ်းချမ်းရေး၊ ဒေသဆိုင်ရာ စီးပွားရေးပေါင်းစည်းမှုနှင့် သာယာဝပြောရေးကိစ္စရပ်များ၊ စီးပွားရေးအသိုက်အဝန်း နှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများအကြား ချိတ်ဆက်မှု တိုးမြှင့်ရန် ကိစ္စရပ်များ၊ ပါကစ္စတန်နှင့် အာဆီယံအဖွဲ့ဝင်များအကြား ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေရန်အတွက် လမ်းကြောင်းများ ရှာဖွေခြင်းကိစ္စရပ်များ၊ အာဆီယံ-ပါကစ္စတန် ပြည်သူများအချင်းချင်း အပြန်အလှန် ခင်မင်ရင်းနှီးစွာ ဆက်ဆံရေး၊ ကျောင်းသားလူငယ်များအား ပညာသင်ဖလှယ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။





