ပင်လယ်ကြမ်းပြင် အရင်းအမြစ်များနှင့် အဏ္ဏဝါစီးပွားရေးဆိုင်ရာ အာဆီယံနှင့် ဘင်းမ်စတက် ဒေသတွင်း အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

(၉-၉-၂၀၁၉၊ နေပြည်တော်)

ပင်လယ်ကြမ်းပြင် အရင်းအမြစ်များနှင့် အဏ္ဏဝါစီးပွားရေးဆိုင်ရာ အာဆီယံနှင့် ဘင်းမ်စတက် ဒေသတွင်း အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ၉-၉-၂၀၁၉ ရက်တွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်အာဏာပိုင်အဖွဲ့ (International Seabed Authority)၊ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Michael Lodge တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံများ၏ တရားစီရင်ပိုင်ခွင့် ပြင်ပဧရိယာ (နိုင်ငံတကာရေပြင်) ရှိ ပင်လယ်ကြမ်းပြင်၌ သယံဇာတများ ရှာဖွေတူးဖော်ရာတွင် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင် အာဏာပိုင်အဖွဲ့၏ ဆောင်ရွက်ပိုင်ခွင့်နှင့် တာဝန်များ၊ သယံဇာတ ရှာဖွေတူးဖော်နိုင်ရေးအတွက် ကမကထပြုသည့် နိုင်ငံများနှင့် ရှာဖွေတူးဖော်သည့် အဖွဲ့အစည်းများ၏ ဝတ္တရားများနှင့် ပတ်သက်၍ အာဆီယံနှင့် ဘင်းမ်စတက်နိုင်ငံများအား အသိပညာပေးရန်၊ ပြင်ပဧရိယာရှိ ပင်လယ်ကြမ်းပြင် ဆောင်ရွက်မှုများတွင် တိုးမြှင့်ပါဝင်ခြင်းဖြင့် အာဆီယံနှင့် ဘင်းမ်စတက်နိုင်ငံများအတွက် ရရှိလာနိုင်မည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်မှု အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံနှင့် ဘင်းမ်စတက် ဒေသတွင်း နိုင်ငံပေါင်း (၁၅) နိုင်ငံမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းနှင့် စပ်လျဉ်းသည့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများဖြစ်ကြသည့် International Seabed Authority (ISA), Commission on the Limits of the Continental Shelf (CLCS), Division for Ocean Affairs and the Law of the Sea (DOALOS) နှင့် Korea Maritime Institute (KMI) တို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် အာဆီယံနှင့် ဘင်းမ်စတက် ဒေသတွင်းနိုင်ငံများတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင် အာဏာပိုင်အဖွဲ့နှင့် ပူးပေါင်းလျက် Korea Maritime Institute ၏ ကူညီမှုဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

International Seabed Authority ကို ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေအာဏာ တည်ပြီးနောက် ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းရုံးချုပ်ကို ဂျမေကာနိုင်ငံ၊ ကင်းစတန်မြို့တွင် အခြေစိုက်ဖွင့်လှစ်ထားပါသည်။ International Seabed Authority သည် နိုင်ငံများ၏ တရားစီရင်ပိုင်ခွင့် ဧရိယာပြင်ပရှိ အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်တွင်ရှိသည့် ဓာတ်သတ္ထုနှင့် သယံဇာတများ ရှာဖွေတူးဖော်ခြင်းများအပေါ် စုစည်းခြင်း၊ ထိန်းညှိခြင်းနှင့် ထိန်းချုပ်ခြင်းများ ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။