(၉-၉-၂၀၂၅၊ ဗီယင်နာ)
နျူကလီးယားလက်နက်စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီး ပိတ်ပင်ရေးစာချုပ် (CTBT) ဆိုင်ရာ သိပ္ပံနှင့်နည်းပညာညီလာခံ ဖွင့်ပွဲအခမ်းအနားကို ၉-၉-၂၀၂၅ ရက်တွင် သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ ကျင်းပခဲ့ရာ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံ တကာအဖွဲ့အစည်း များဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း တက်ရောက်ခဲ့သည်။ အဆိုပါညီလာခံသည် ၈-၉-၂၀၂၅ ရက်မှ ၁၂-၉-၂၀၂၅ ရက်အထိ hybrid format ဖြင့် ကျင်းပနေခြင်း ဖြစ်ပါသည်။ အဆိုပါအခမ်းအနားတွင် နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုအလုံးစုံ တားဆီးပိတ်ပင်ရေး စာချုပ်အဖွဲ့ (CTBTO)ဆိုင်ရာကြိုတင်ပြင်ဆင်ရေး ကော်မရှင်၏ အမှုဆောင်အတွင်းရေးမှူး Dr. Robert Floyd နှင့် ဩစတြီးယားနိုင်ငံ ဥရောပနှင့်နိုင်ငံတကာရေးရာဝန်ကြီး Ms.Beate Meinl-Reisinger တို့က အဖွင့်မိန့်ခွန်းများပြောကြားခဲ့သည်။ အမူဆောင်အတွင်းရေးမှူးက မျက်မှောက်ခေတ်တွင် စစ်ပွဲပဋိပက္ခများ၊ နျူကလီးယားခြိမ်းခြောက်မှုများအပါအဝင် ကမ္ဘာလုံံးဆိုင်ရာစိန်ခေါ်မှုများနှင့် မသေချာမရေရာမှုများ ဖြစ်ပွားလျက်ရှိကြောင်း၊ AI နှင့် ICT ကဲ့သို့ သိပ္ပံနှင့်နည်းပညာများလည်း တိုးတက်လျက်ရှိကြောင်း၊ CTBT စာချုပ်အား လက်မှတ်ရေးထိုးပြီးသည့် ၁၈၇ နိုင်ငံ၊ အတည်ပြုပြီးသည့် ၁၇၈ နိုင်ငံရှိပြီး၊ စာချုပ်အသက်ဝင်နိုင်ရေးအတွက် အတည်ပြုပါဝင်ရန် ကျန်ရှိနေသေးသော Annex II စာရင်းပါ နျူကလီးယားလက်နက်နိုင်ငံများအား ဆောလျင်စွာ ပါဝင်အတည်ပြုရန် တိုက်တွန်းကြောင်း၊ ကမ္ဘာတဝှမ်းရှိ နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုများကို စောင့်ကြည့်သည့်စနစ် (IMS)အောက်ရှိ စခန်း(၃၂၁)ခုသည် နျူကလီးယားစမ်းသပ်ဖောက်ခွဲမှု စောင့်ကြည့်ခြင်းသာမက ငလျင်နှင့်ဆူနာမီဆိုင်ရာ အချက်အလက်များလည်း ထောက်ပံ့ပေးလျက် ရှိကြောင်း၊ CTBTO အနေဖြင့် နည်းပညာအကူအညီနှင့် သင်တန်းများပံ့ပိုးလျက်ရှိကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ထို့ပြင် အခမ်းအနား၌ အီသီယိုးပီးယား သမ္မတဟောင်း၊ ပြင်သစ်၊ ဘရာဇီးလ်နှင့် ထိုင်းနိုင်ငံ တို့မှ အဏုမြူစွမ်းအင်ဆိုင်ရာဌာနအကြီးအကဲများကလည်း အမှာစကားများ ပြောကြားခဲ့ကြပြီး၊ ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်ဖြစ်သူ Under-Secretary-General Ms. Izumi Nakamitsu က video ဖြင့် အမှာစကားပြောကြားခဲ့သည်။

