နီပေါနိုင်ငံဆိုင်ရာ၊ မြန်မာသံအမတ်ကြီး Sagarmatha Sambaad (Mt. Everest Summit) ဆွေးနွေးပွဲနှင့် Ambassador Club ဖွင့်ပွဲအခမ်းအနား တက်ရောက် (၂၀-၅-၂၀၂၅ ရက်)

 (၂၀-၅-၂၀၂၅ ရက်၊ ကတ္တမန္ဒူး) 

 နီပေါနိုင်ငံဆိုင်ရာ၊ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် မေလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် ကတ္တမန္ဒူးမြို့၌ ကျင်းပပြုလုပ်သည့် Sagarmatha Sambaad (Mt. Everest Summit) ဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားကို နီပေါနိုင်ငံဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီက ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ တရုတ်နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အိန္ဒိယနိုင်ငံ၊ သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး အပါအဝင် နိုင်ငံပေါင်း ( ၁၂) နိုင်ငံက ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ နီပေါနိုင်ငံအခြေစိုက် သံတမန်အသိုက်အဝန်း ကိုယ်စားလှယ်များနှင့် နီပေါပြည်သူမှ တက်ရောက်သူ (၁၇၀) ကျော် အပါအဝင် စုစုပေါင်း (၃၅၀) ကျော် တက်ရောက်ခဲ့ကြပါသည်။ သံအမတ်ကြီးသည် မေလ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့်  Parallel Session  အချို့ကိုလည်း တက်ရောက်ခဲ့ပါသည်။

မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ သုံးရက်တာ ကျင်းပသည့် အဆိုပါဖိုရမ်တွင် ဆက်စပ် ဆွေးနွေးပွဲပေါင်း (၁၂) ခုကို ပြုလုပ်ခဲ့ပြီး၊ ဆွေးနွေးပွဲ ရလဒ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရ မည့် အချက် (၂၅) ချက်ကို သဘောတူခဲ့ကြကြောင်း သိရှိရပါသည်။ 

သံအမတ်ကြီးသည် မေလ ၁၈ ရက်နေ့၊ ညနေပိုင်းတွင် ကျင်းပပြုလုပ်သည့် နီပေါနိုင်ငံအခြေစိုက်၊ သံတမန် အသိုက်အဝန်းမှ သံအမတ်ကြီးများ ကလပ် (Ambassador’s Club) နှင့် နိုင်ငံတကာ ဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ သံခင်းတမန်ခင်း ဆွေးနွေးမှု (International Relations and Global Diplomacy Dialogue-IRGDD) စတင်ထူထောင်သည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ ပါသည်။ သံအမတ်ကြီးများ ကလပ် နှင့် IRGDD သည် သံတမန်အဖွဲ့အစည်းများ၊ နီပေါ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှု အသိုက်အဝန်းများအကြားတွင် အကျိုးဖြစ်ထွန်းစေသော ကိစ္စရပ်များကို Track II engagement အဖြစ် လုပ်ဆောင်နိုင်ရန် လမ်းခင်းပေးထားသော အဖွဲ့အစည်း တစ်ခု ဖြစ်ပါသည်။ အဆိုပါ အခမ်းအနားတွင် နီပေါနိုင်ငံ သံတမန်အသိုက်အဝန်းအတွက် ပထမဆုံး ထုတ်ဝေသည့် “The Diplomat Nepal” မဂ္ဂဇင်း စတင်ဖြန့်ဝေခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။  

*****