“နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှု တားဆီး၊ ကာကွယ်၊ တိုက်ဖျက်ရေးဆိုင်ရာ” အသိပညာပေးဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမတွင် Hybrid Format ဖြင့် ကျင်းပခဲ့ပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ အာဆီယံနိုင်ငံများအခြေစိုက် မြန်မာသံအမတ်ကြီးများ/ သံရုံးအကြီးအကဲများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံနိုင်ငံများအခြေစိုက် မြန်မာသံရုံးများ/ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ/ သံတမန်များ တက်ရောက်ခဲ့ကြပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေးပွဲသည် နိုင်ငံခြားရေးဝန်ထမ်းများအနေဖြင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်သိရှိစေရန်၊ အခြားနိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်ချက်များကို ရှင်းလင်းအသိပေးပြောကြားနိုင်ရန်အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါရာဇဝတ်မှုများကို အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ကာ အထူးစစ်ဆင်ရေးများဖြင့် online scams centers များကို ထိရောက်စွာ ရှင်းလင်းနိုင်ခဲ့ကြောင်း၊ နိုင်ငံပေါင်း ၅၀ ကျော်မှ နိုင်ငံခြားသား ၇၂,၀၀၀ ကျော်ကို မူရင်းနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် သံတမန်ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် တာဝန်ယူမှုရှိသောနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ တာဝန်ရှိသူများက နိုင်ငံ ဖြတ်ကျော်ရာဇဝတ်မှုများ တားဆီး၊ ကာကွယ်၊ တိုက်ဖျက်ရေးဆိုင်ရာ ပြည်တွင်း၌ ဆောင်ရွက်နေသည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ၊ စိန်ခေါ်မှုများနှင့်ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့်စပ်လျဉ်း၍ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ရေးဆိုင်ရာ အစိုးရ၏လုပ်ငန်းစဉ်များ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ဆွေးနွေးပွဲမှ ရရှိလာသည့် ရလဒ်များနှင့် ဆွေးနွေးချက်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူတို့က အကျဉ်းချုပ်တင်ပြခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် အသိပညာပေးဆွေးနွေးပွဲသည် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေပြီး နိုင်ငံခြားရေးဝန်ထမ်း/ သံတမန်များအနေဖြင့် နိုင်ငံတကာစင်မြင့်၌ နိုင်ငံတော်၏ ရပ်တည်ချက်နှင့် မြေပြင်အချက်အလက်များကို ခိုင်မာစွာ ချိတ်ဆက်၍ တုံ့ပြန်နိုင်မည့် စွမ်းရည်များကို ထပ်လောင်းဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူအကျိုးစီးပွားအတွက် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု အန္တရာယ်များကို ဆက်လက်တိုက်ဖျက်သွားရန် တိုက်တွန်းလိုကြောင်း ပြောကြားကာ ဆွေးနွေးပွဲကို ပိတ်သိမ်းခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်



