နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ် (စတုတ္ထနေ့) (၈-၁၀-၂၀၁၈ ရက်၊ တိုကျိုမြို့)

ဂျပန်နိုင်ငံသို့ အလုပ်သဘောခရီး ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် ၁၃၀ဝ နာရီတွင် ASEAN-Japan Centre က ကြီးမှူးကျင်းပသော Myanmar Silk Promotion Event သို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ မြန်မာ့ပိုးဖြင့် ချုပ်လုပ်ထားသည့် ဂျပန်ကီမိုနိုများ ပြသထားမှုကို အားပေးကြည့်ရှုခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၁၃၅၀ နာရီတွင် Meiji Kinenkan ၌ JETRO (Japan External Trade Organization) ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Hiroyuki Ishige နှင့် တွေ့ဆုံခဲ့ပြီး Mr. Hiroyuki Ishige က မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် JETRO ၏ စီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၁၄၃၀နာရီတွင် Meiji Kinenkan ၌ “Strengthening the Bond between Myanmar and Japan” ခေါင်းစဉ်ဖြင့် ပြုလုပ်သော မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်စင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၁၆၀ဝ နာရီတွင် တိုကျိုမြို့ရှိ New Otani ဟိုတယ်၌ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ ဇနီးဖြစ်သူ Mrs. Akie Abe နှင့် တွေ့ဆုံခဲ့ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၁၉၁၀ နာရီတွင် ဂျပန်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Shinzo Abe က ၄င်း၏ နေအိမ်၌ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရှိရပါသည်။