နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ် (စတုတ္ထနေ့) (၈-၁၀-၂၀၁၈ ရက်၊ တိုကျိုမြို့)

ဂျပန်နိုင်ငံသို့ အလုပ်သဘောခရီး ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တိုကျိုမြို့ရှိ New Otani ဟိုတယ်၌ ယနေ့ ဒေသစံတော်ချိန် ဝ၉၃၀ နာရီတွင် Komeito ပါတီ၏ Chief Representative ဖြစ်သူ Mr. Yamaguchi Natsuo အားလည်းကောင်း၊ ၁၀ဝ၀ နာရီတွင် မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံ အစိုးရ၏ အထူးကိုယ်စားလှယ်ဖြစ်သူ Mr. Yohei Sasakawa အားလည်းကောင်း လက်ခံတွေ့ဆုံခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်စင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။