နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ် (တတိယနေ့) (၇-၁၀-၂၀၁၈ ရက်၊ တိုကျိုမြို့)

ဂျပန်နိုင်ငံသို့ အလုပ်သဘောခရီး ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့ ဒေသစံတော်ချိန် ၁၁၁၅ နာရီတွင် ဖူကူရှိမားခရိုင် အီဇုမိဇကိကျေးရွာရှိ “Kokoron” လုပ်ငန်းစုသို့ သွားရောက်လေ့လာခဲ့ပါသည်။

အီဇုမိဇကိကျေးရွာရှိ “Kokoron” လုပ်ငန်းစုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဖူကူရှိမားခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာ မာဆာကီဆူဇူကီနှင့် လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ ယိုရှီနိုရိ ဆူဇူကီတို့က ကြိုဆိုနှုတ်ဆက်ကြပါသည်။ ထို့နောက် တာဝန်ရှိသူများက ငလျင်ဘေးဒဏ်သင့်ပြီး နောက်ပိုင်း ဒေသတွင်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်းကောင်း၊ အီဇုမိဇကိကျေးရွာနှင့် စပ်လျဉ်းသည့် အခြေအနေများကိုလည်းကောင်း၊ “Kokoron” လုပ်ငန်းစု၏ ဖွဲ့စည်းမှု၊ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် “Kokoron” လုပ်ငန်းစုနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများ အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များက သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြပါသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် “Kokoron” လုပ်ငန်းစု၏ စိုက်ခင်းများကို သွားရောက်လေ့လာခဲ့ပါသည်။

ယင်းသို့ သွားရောက်ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro Maruyama နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါခဲ့ကြပါသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ညအိပ်ရပ်နားခဲ့ကြကြောင်း သိရှိရပါသည်။