နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ် (ပဉ္စမနေ့) (၉-၁၀-၂၀၁၈ ရက်၊ တိုကျိုမြို့)

ဂျပန်နိုင်ငံသို့ အလုပ်သဘောခရီး ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် ၁၇၅၀ နာရီတွင် နိုင်ငံတော်ဧည့်ဂေဟာသို့ သွားရောက်ခဲ့ရာ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ပါသည်။ ထို့နောက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်တို့သည် နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပသည့် မြန်မာ-ဂျပန် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ကြပါသည်။ တွေ့ဆုံပွဲ အပြီးတွင် နှစ်နိုင်ငံ ခေါင်းဆောင်များသည် ပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ရပ်အား ပြုလုပ်ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်စင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၁၉၁၅ နာရီတွင် Japan Style Annex ၌ ဂျပန်နိုင်ငံဝန်ကြီးချုပ်က တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။