နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ် (ပဉ္စမနေ့) (၉-၁၀-၂၀၁၈ ရက်၊ တိုကျိုမြို့)

ဂျပန်နိုင်ငံသို့ အလုပ်သဘောခရီး ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် ဝ၇၃၀ နာရီတွင် တိုကျိုမြို့ရှိ New Otani ဟိုတယ်၌ Japan-Mekong Parliamentary Friendship Association က ကြီးမှူးပြုလုပ်သော အလုပ်သဘော မနက်စာစားပွဲသို့ မဲခေါင်ဒေသတွင်းနိုင်ငံများ၏ ခေါင်းဆောင်များနှင့်အတူ တက်ရောက်၍ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

အဆိုပါ အလုပ်သဘော မနက်စာစားပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်စင်တို့ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ဝ၉၀၅ နာရီတွင် ဂျပန်ဝန်ကြီးချုပ်ရုံး၌ ပြုလုပ်သော Soccer Event သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် မဲခေါင်ဒေသတွင်းနိုင်ငံများ၏ ခေါင်းဆောင်များသည် ပြိုင်ပွဲဝင် ဘောလုံးများပေါ်တွင် အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ပြီး ခေါင်းဆောင်များက သက်ဆိုင်ရာ နိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်များထံသို့ ၄င်းတို့ လက်မှတ်ရေးထိုးထားသည့် ဘောလုံးကို ပေးအပ်ခဲ့ကာ ဂျပန် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ခေါင်းဆောင်များအား အမှတ်တရတီရှပ်များ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ဝ၉၂၀ နာရီတွင် နိုင်ငံတော် ဧည့်ဂေဟာ၌ ကျင်းပသည့် (၁၀) ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ကာ ဒေသစံတော်ချိန် ၁၁၀ဝ နာရီတွင် မဲခေါင်-ဂျပန် ခေါင်းဆောင်များနှင့်အတူ ပူးတွဲ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ပါသည်။

မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်စင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၁၂၀ဝ နာရီတွင် မဲခေါင်အဖွဲ့ဝင်နိုင်ငံမှ နိုင်ငံခေါင်းဆောင်များနှင့်အတူ New Otani ဟိုတယ်၌ ကျင်းပသည့် စီးပွားရေး အဖွဲ့အစည်းများနှင့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆက်လက်၍ ဒေသစံတော်ချိန် ၁၄၀ဝ နာရီတွင် Palace ဟိုတယ်၌ “Asia’s New Value Chain Hub” ခေါင်းစဉ်ဖြင့် ပြုလုပ်သော မဲခေါင်-ဂျပန် စီးပွားရေးဖိုရမ်သို့ တက်ရောက်၍ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၁၅၄၅ နာရီတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နန်းတော်သို့ ရောက်ရှိပြီး လက်ဖက်ရည်သုံးဆောင်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။