နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်းများတွင် ဆန္ဒအလျောက် ကူညီပံ့ပိုးလိုသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားဟောင်းများအား ဖိတ်ခေါ်ခြင်း

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပြည်သူများ၏ညီညွတ်သည့် စိတ်ဓာတ်နှင့် ခွန်အားတို့သည် လွန်စွာအရေးကြီးပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ အင်အား မတောင့်တင်းသော်လည်း ကြုံတွေ့လျက်ရှိသည့် အခက်အခဲများကို ပြည်တွင်းပြည်ပ မြန်မာမိသားစုဝင်များ၏ စိတ်ဓာတ်အင်အား၊ ဝီရိယအင်အား၊ ဇွဲလုံလအင်အားတို့ဖြင့် ရင်ဆိုင်ဖြေရှင်းကြရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ မိမိတို့နိုင်ငံသားများအနေဖြင့် မည့်သည့်နိုင်ငံတွင် နေထိုင်သည်ဖြစ်စေ မည့်သည့်နိုင်ငံသားဖြစ်စေ မြန်မာ မိသားစုဝင်များဖြစ်ကြသည့်အလျောက် နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်းများတွင် မိမိတို့ တတ်သိကျွမ်းကျင်သည့် ပညာ၊ အတွေ့အကြုံတို့ဖြင့် တတ်အားသမျှ ပါဝင်ကူညီပံ့ပိုး အကျိုးပြုနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြည်ပခရီးစဉ်များအတွင်း ဖိတ်ခေါ်ခဲ့ပြီး၊ မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံသားဟောင်းများကလည်း ယင်းသို့ ပါဝင်အကျိုးပြုရန်အတွက် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြပါသည်။

၂။      သို့ဖြစ်ရာ ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများနှင့် မြန်မာနိုင်ငံသား အသိပညာရှင်၊ အတတ် ပညာရှင်များအနေဖြင့် မိမိတို့ တတ်သိကျွမ်းကျင်သည့် ပညာ၊ အတွေ့အကြုံတို့ဖြင့် နိုင်ငံတော်အတွက် ပါဝင်ကူညီပံ့ပိုး အကျိုးပြုလိုပါက ပူးတွဲပါပုံစံတွင် ဖြည်စွက်၍ သက်ဆိုင်ရာ မြန်မာသံရုံး/ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး/ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့တွင်လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန၊ ကောင်စစ်ရေးရာဌာန (တယ်လီဖုန်းအမှတ်၊ ++၉၅  ၆၇ ၄၁၂၀၆၂/ ၄၁၂၁၈၅၊ အီးမေးလ်လိပ်စာ၊ conlegmofa.mm@gmail.com) ထံသို့လည်းကောင်း ဆက်သွယ်ပေးပို့နိုင်ပါကြောင်း အသိပေး ဖိတ်ခေါ်အပ်ပါသည်။

၃။      ထိုသို့ မြန်မာသံရုံး/ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး/ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများနှင့် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနတို့မှတစ်ဆင့် ဆန္ဒပြု လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှ ဖွဲ့စည်းထားရှိသည့် လုပ်ငန်းဆောင်တာအဖွဲ့သည် သက်ဆိုင်ရာသို့ တင်ပြလမ်းညွှန်မှုခံယူလျက် ဆန္ဒပြု လျှောက်ထားသည့် နယ်ပယ်နှင့် ကဏ္ဍရပ်များအပေါ် မူတည်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ  ၁၅ ရက်