နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတနှင့် ဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ် Mr. Khadga Prasad Oli နှင့် ဩဂုတ်လ ၃၀ ရက်နေ့၊ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ကတ္တမန္ဒူးမြို့ Soaltee Crown Palaza Hotel , Malshree ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်က နိုင်ငံတွင်း ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးနှင့် ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းနိုင်ရေးအတွက် ကြိုပမ်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မှု အခြေအနေများနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့ပြင် မြန်မာ – နီပေါ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အပြန်အလှန် လည်ပတ်မှု မြှင့်တင်ရေးနှင့် နှစ်နိုင်ငံ ပြည်သူများ ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုတိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောက်ရွက်မှုတိုးမြှင့်ရေးနှင့် အပြန်အလှန် အထောက်အကူပြုရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတအိမ်တော်သို့ ရောက်ရှိပြီး နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတ Mrs. Bidhya Devi Bhandari နှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ – နီပေါ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်ဆံခဲ့ကြသည့် သမိုင်းကြောင်း၊ မြန်မာ – နီပေါ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်ဦးနှစ်ဖက် အဆင်ပြေသည့် အချိန်တွင် နီပေါနိုင်ငံသမ္မတ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့သည် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ Mrs. Bidhya Devi Bhandari က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတအိမ်တော် ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။