နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့တွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ အကြီးအကဲများ စုပေါင်းတွေ့ဆုံပွဲနှင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတအိမ်တော်သို့ ရောက်ရှိကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ Mrs. Bidhya Devi Bhandari နှင့် ဘင်းမ်စတက်အဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများ စုပေါင်းတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် သည်။

တွေ့ဆုံပွဲအပြီးတွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးများသည် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့သည် နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ Mrs. Bidhya Devi Bhandari က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့သည် Soaltee Crown Palaza Hotel , Malhar Hall ၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတ နိုင်ငံဝန်ကြီးချုပ် Mr. Khadga Prasad Sharma Oli နှင့် ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

အခမ်းအနားသို့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ အကြီးအကဲများ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်၊ နီပေါနိုင်ငံ အခြေစိုက်သံတမန်များ၊ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Khadga Prasad Sharma Oli က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် ဘင်းမ်စတက်အဖွဲ့နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ အကြီးအကဲများက မိန့်ခွန်းပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားသည့် မိန့်ခွန်း အပြည့်အစုံမှာ –

မိမိတို့ကိုယ်စားလှယ်အဖွဲ့ကို နွေးထွေးစွာကြိုဆိုပြီး၊ ဧည်ဝတ်ကျေပွန်သည့် နီပေါနိုင်ငံ အစိုးရနှင့် ပြည်သူများကို အထူးကျေးဇူးတင် ရှိပါကြောင်း။

မိမိအနေနှင့် ယ္ခုအစည်းအဝေးကို ပထမဆုံးအကြိမ်တက်ရောက်ပြီး အဆွေ‌တော်တို့နှင့် အမြင်ချင်းဖလှယ်ခွင့် ရရှိသည့်အတွက် များစွာ ဂုဏ်ယူမိပါကြောင်း။

ယခုအစည်းအဝေးတွင် BIMSTEC ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာအောင် မည်သည့်နည်းလမ်းများနှင့် ဆောင်ရွက်သင့်သည်ကို ဆွေးနွေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

၂၀၁၄ ခုနှစ် နေပြည်တော်တွင် ကျင်းပခဲ့သည့် တတိယအကြိမ် BIMSTEC ထိပ်သီး အစည်းအဝေးတွင် BIMSTEC ပူးပေါင်း ဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာစေရန်နှင့် အဖွဲ့ကြီး၏ ဖွဲ့စည်းမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပိုမိုခိုင်မာအောင် ဆောင်ရွက်ရေး သဘောတူညီ ခဲ့ပါကြောင်း။ ယင်းအစည်းအဝေးတွင် BIMSTEC အတွင်းရေးမှူးရုံးကို ဒါကာမြို့တွင် ထူထောင်ရန်နှင့် BIMSTEC အတွင်းရေးမှူးချုပ် ခန့်အပ်ရေးကိုလည်း အဖွဲ့ဝင်နိုင်ငံများက သဘောတူညီနိုင်ခဲ့ပါကြောင်း။

ပထမဆုံး BIMSTEC အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် မစ္စတာ ဆူမတ်-နာကန်ဒါလာ ကိုလည်း ၎င်း၏ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့မှုအတွက် ဂုဏ်ပြုပါကြောင်း ပြောကြားလိုပါကြောင်း။ မစ္စတာ ရှဟီဒူး-အစ္စလမ် အား ဒုတိယမြောက် BIMSTEC အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့မှုအပေါ်ကိုလည်း ကြိုဆိုပါကြောင်း။

BIMSTEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် အောင်မြင်စွာ လက်ခံကျင်းပ ပေးခဲ့သည့် အိန္ဒိယနိုင်ငံကိုလည်း ဂုဏ်ပြုပါကြောင်း။ ယင်းအစည်းအဝေးက ထုတ်ပြန်ခဲ့သည့် Outcome Document နှင့် Agenda of Action များသည် BIMSTEC ပူးပေါင်းဆောင်ရွက်မှု၏ လမ်းညွှန်မူဘောင်များ ဖြစ်ခဲ့ပါကြောင်း။

စိုက်ပျိုးရေးသည် မိမိတို့နိုင်ငံအများစု၏ အဓိကစီးပွားရေး ဖြစ်ကြပါကြောင်း။ စိုက်ပျိုးရေးသည် ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အစားအစာနှင့် အာဟာရလုံခြုံမှု ကဏ္ဍကနေပြီး အထောက်အကူပြုလျက်ရှိပါကြောင်း။

ယနေ့ကမ္ဘာတွင် တိုးပွားနေသည့် လူဦးရေအတွက် အစားအစာနှင့် အာဟာရလုံခြုံမှုရှိဖို့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရပါကြောင်း။ ၂၀၅၀ ခုနှစ်တွင် လူဦးရေ ၉ ဒသမ ၆ ဘီလီယံ အထိရှိလာမည်ဟု ခန့်မှန်းရပါကြောင်း။ ကမ္ဘာ့လူ ဦးရေ၏ ၂၂ ရာခိုင်နှုန်း နေထိုင်သည့် BIMSTEC ဒေသသည်လည်း ဒီစိန်ခေါ်မှုကို မလွဲမသွေရင်ဆိုင်ရမည်ဖြစ်ပါကြောင်း။

BIMSTEC စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်သူများအစည်းအဝေး၏ အောင်မြင်မှုများကို အသိအမှတ်ပြုသည့် တစ်ချိန်တည်းတွင် မြန်မာနိုင်ငံအနေနှင့် BIMSTEC ၏ ဦးဆောင်နိုင်ငံ ဖြစ်သည့်အတွက် ပထမဆုံး စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၁၈/၂၀၁၉ ခုနှစ်အတွင်း လက်ခံကျင်းပ သွားမည်ဖြစ်ကြောင်းကို အသိပေးလိုပါကြောင်း။

မိမိတို့ဒေသခွဲတွင်ရှိသည့်နိုင်ငံများသည် ရေအားလျှပ်စစ်အပါအဝင် စွမ်းအင်အရင်းအမြစ် ပေါကြွယ်ဝကြပါကြောင်း။ သို့သော် တိုးမြင့်လာသည့် စွမ်းအင်လိုအပ်ချက်များနှင့် ကိုက်ညီအောင် ထုတ်လုပ် ဖြည့်တင်းနိုင်မှုမရှိပါကြောင်း။ ထို့ကြောင့် မိမိတို့ ဒေသတွင်း နိုင်ငံများအနေနှင့် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စွမ်းအင်ကုန်သွယ်မှုတို့ကို တိုးမြှင့် ဆောင်ရွက်သွားရန် လိုအပ်နေပါကြောင်း။

၂၀ဝ၉ ခုနှစ်၊ မြန်မာနိုင်ငံတွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည့် BIMSTEC Energy Centre တည်ထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာဟာ BIMSTEC စွမ်းအင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၏ အထင်ကရအောင်မြင်မှုတစ်ခုဖြစ်ပါကြောင်း။ ယင်းစင်တာ စတင်လုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကအခန်းကဏ္ဍက ပါဝင်နေပါကြောင်း။

ယ္ခုထိပ်သီးအစည်းအဝေးတွင် BIMSTEC Grid Interconnection နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့် အတွက် များစွာဝမ်းမြောက်မိပါကြောင်း။ ယင်းနားလည်မှုစာချွန်လွှာသည် အဖွဲ့ဝင်နိုင်ငံများအကြား စွမ်းအင်ကုန်သွယ်မှုအတွက် မူဘောင်တစ်ရပ် ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း။

ပေါင်းစည်းဆက်နွယ်မှုသည် ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်းပေါင်းစည်းမှု လုပ်ငန်းစဉ်များအတွက် အဓိက အခန်းက ပါဝင်နေပါကြောင်း။ သယ်ယူပို့ဆောင်ရေးဆိုင်ရာ BIMSTEC Master Plan ရေးဆွဲမှုမှာ အောင်မြင်မှုများရရှိနေသည်ဟု သိရှိရ သည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း။

ထိုသို့ရေးဆွဲရာတွင် အကူအညီများပေးနေ သည့် ADB ကို လည်း ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါကြောင်း။

အဖွဲ့ဝင်နိုင်ငံများအကြား ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အောင်မြင်မှု အတိုင်းအတာတစ်ခုအထိ ရရှိနေသော်လည်း၊ စိန်ခေါ်မှုတစ်ရပ်အဖြစ် တည်ရှိနေဆဲဖြစ်ပါကြောင်း။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်က ပြုလုပ်ခဲ့သည့် တတိယအကြိမ် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး ကထုတ်ပြန်ခဲ့သည့် “ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ကိုလမ်ဘိုကြေညာချက်”ကို ကြိုဆိုပါကြောင်း။ ကြေညာချက်တွင် BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ ဒေသတွင်းရှိ ပြည်သူများ အဆင့်အတန်းရှိသော တိုးတက်ကောင်းမွန်သည့် လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ရေး ဆောင်ရွက်ပေးသွားလိုသည့် ကတိကဝတ်များကို ဖေါ်ပြထားသည်ကို တွေ့ရှိရပါကြောင်း။

၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသည် “၂၀ဝ၉ ခုနှစ် BIMSTEC အကြမ်းဖက်မှု ၊ နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် မူးယစ်ဆေး တိုက်ဖျက်ရေးဆိုင်ရာ စာချူပ်” တွင် အတည်ပြုပါဝင်ခဲ့ပါကြောင်း။

BIMSTEC အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးသည် အဖွဲ့ဝင် နိုင်ငံများအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ အဓိကအရေးပါသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း အသိအမှတ်ပြု ဖေါ်ပြလိုပါကြောင်း။ ဒီအစည်းအဝေးတွင် အဖွဲ့ဝင် နိုင်ငံများအကြား မဟာဗျူဟာမြောက်ဆွေးနွေးနိုင်ရုံသာမက လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကိုပါ ဆွေးနွေးအဖြေရှာနိုင်သည့်အတွက် BIMSTEC အကြမ်းဖက်မှု တိုက်ဖျက်ရေးကဏ္ဍအတွက် များစွာအရေးပါ ပါကြောင်း။

မြန်မာနိုင်ငံသည် “BIMSTEC မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဓါတု ပစ္စည်းများ” အဖွဲ့ခွဲ၏ ဦးဆောင် နိုင်ငံအဖြစ် တာဝန်ယူထားသည့်အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးများကို လက်ခံကျင်းပပေးခဲ့ပါကြောင်း။

မြန်မာနိုင်ငံသည် အကြမ်းဖက်မှု၏ ဆိုးဝါးသည့်ရိုက်ခတ်မှုများကို ရင်ဆိုင်နေရလျက်ရှိပါကြောင်း။ ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် နယ်စပ်ဖြတ်ကျော်မူခင်းများ တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို များစွာအလေး ထားပြီး၊ BIMSTEC ပူးပေါင်းဆောင်ရွက်မှုမူဘောင်အောက်မှ ဆက်လက်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုပါကြောင်း။

BIMSTEC လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာသဘောတူစာချုပ်ကို အဖွဲ့ဝင်နိုင်ငံများက ၂၀ဝ၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ သော်လည်း၊ ယင်းတွင်ပါဝင်သည့် သီးခြားသဘောတူ စာချုပ်ခွဲများကို လက်မှတ်ရေးထိုးနိုင်ရန်အတွက် ဆက်လက်ညှိနှိုင်းဆဲ အဆင့်တွင်သာ ရှိနေပါကြောင်း။ ထိုသို့ ညှိနှိုင်းဆဲအခြေအနေတွင် မိမိတို့ အဖွဲ့ဝင်နိုင်ငံများအနေနှင့် ကုန်သွယ်ရေးနှင့် စီးပွားရေး လုပ်ငန်းများဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် စေလွှတ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်ခြင်း အစရှိသည့် လုပ်ငန်းများ ဆောင်ရွက်ပြီး ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားသင့်ပါကြောင်း။

BIMSTEC ၏ အဆင့်ဆင့်သောအစည်းအဝေးများနှင့်ဖွဲ့စည်းထားသည့် ကွပ်ကဲမှုစနစ်သည် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကို ထိန်းသိမ်းလမ်းညွှန်ရာတွင် များစွာအရေး ပါသည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း။ သို့သော် “လုပ်ထုံးလုပ်နည်းများ” သတ်မှတ် ရေးဆွဲနိုင်ခဲ့ပါက မိမိတို့ ပူးပေါင်းဆောင်ရွက်ရေးသည် ပိုမိုထိရောက်မှု ရှိလာမည်ဟု ထင်မြင်မိပါကြောင်း။ ထို့ပြင် ယင်းလုပ်ထုံးလုပ်နည်းများသည် အနာဂတ် “BIMSTEC ပဋိညာဉ်စာတမ်း” ရေးဆွဲရာတွင်လည်း အခြေခံကောင်းအဖြစ် ရှိနေမည် ဖြစ်သည့်အတွက် လုပ်ထုံးလုပ်နည်း မူကြမ်းရေးဆွဲသွားမည့် အစီအစဉ်ကို ကြိုဆိုကြောင်း ပြောကြားလိုပါကြောင်း။

BIMSTEC ၏ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ ၁၆ ခု ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်ရန်မှာ ငွေကြေးအရနှင့် အရင်းအမြစ်များအရပါ ကန့်သတ်ချက်များ ရှိနေသည့်အတွက် အခက်အခဲများစွာရှိပါကြောင်း။ ထို့ကြောင့် ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်ရန် မိမိတို့ဆောင်ရွက်လိုသည့်စီမံကိန်းများထဲက အချို့ကို ဦးစားပေးအနေနှင့် ရွေးချယ်သွားရမည် ဖြစ်ပါကြောင်း။

ရန်ပုံငွေရရှိနိုင်မှုသည် မိမိတို့ပူးပေါင်းဆောင်ရွက်ရေးအတွက် ထည့်သွင်း စဉ်းစားရသည့် အချက်တစ်ချက်ဖြစ်သည်ကို မိမိတို့ နားလည်ပါကြောင်း။ ထို့ကြောင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ရန်ပုံငွေရရှိနိုင်မည့် အခြားနည်းလမ်းများ ရှာဖွေသွားမည့် အစီအစဉ်ကို ကြိုဆိုပါကြောင်း။ လက်ရှိတွင် မိမိတို့၏ ဘုံစီမံကိန်းများကို အကောင်အထည်ဖော်ရန်အတွက် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် ထိတွေ့ ဆက်ဆံမှု မြှင့်တင်သွားဖို့ လိုအပ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် BIMSTEC ဒေသကြီး ငြိမ်းချမ်းဝေစည်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် BIMSTEC ပူးပေါင်းဆောင်ရွက်ရေး ပိုမိုအားကောင်းလာအောင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထပ်လောင်းပြောကြား လိုပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို တို့သည် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးအကဲများ နှင့်အတူ နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Khadga Prasad Sharma Oli က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲနှင့် ယဉ်ကျေးမှုဖျော်ဖြေပွဲသို့ တက်ရောက်သည်။