နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၂ ရက်တွင် မဟာရာရှ်ထရာ ပြည်နယ်အုပ်ချုပ်ရေးမှူး Shri Jishnu Dev Varma နှင့် Mumbai Maharashtra Lok Bhavan Mumbai (Governor's House) ၌တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည်နှင့်အညီ သမိုင်း ကြောင်းတစ်လျှောက် ကောင်းမွန်သည့်ဆက်ဆံရေးများ ရှိခဲ့မှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေ၊ နှစ်နိုင်ငံပြည်သူများအချင်းချင်း အပြန်အလှန် ကူးလူးဆက်ဆံမှုများရှိမှု အခြေအနေများ၊ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် အိန္ဒိယနိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်းပီသစွာဖြင့် ကူညီမှုများ ဆောင်ရွက် ပေးခဲ့မှုအပေါ် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအနေဖြင့် ကျေးဇူးတင်ရှိမှုအခြေအနေများနှင့် အခြားနှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ အဖွဲ့ဝင်များနှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြပြီး၊ ပြည်နယ်ဝန်ကြီးများ၊ မဟာရာရှ်ထရာပြည်နယ် အုပ်ချုပ် ရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မဟာရာရှ်ထရာပြည်နယ် ဂုဏ်ပြုတီးဝိုင်းအဖွဲ့က နှစ်နိုင်ငံတေးသီချင်းများဖြင့် တီးမှုတ်ဖျော်ဖြေကြသည်။ ဂုဏ်ပြုညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်သမ္မတသည် Mumbai Maharashtra Lok Bhavan Mumbai (Governor's House) ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မဟာရာရှ်ထရာပြည်နယ် ဂုဏ်ပြု တီးဝိုင်းအဖွဲ့၏ ဖျော်ဖြေတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး နိုင်ငံတော်သမ္မတနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးတို့က ချီးမြှင့်ငွေများ ပေးအပ်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

*************