နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အာဆီယံ-တရုတ်ရက်သတ္တပတ် (၂၀၂၅) အခမ်းအနားများသို့ တက်ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

(၂၂-၁၁-၂၀၂၅ ရက်၊ နေပြည်တော်)

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဖူးကျန့်ပြည်နယ်၊ ဖူကျိုးမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံ-တရုတ် ရက်သတ္တပတ် (၂၀၂၅) အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ အဆင့်မြင့်အစိုးရအရာရှိကြီးများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူငယ်များနှင့် မီဒီယာများ စုစုပေါင်း ကိုယ်စားလှယ် (၃၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံ၊ ဖူကျိုးမြို့၌ “မိမိတို့၏တူညီသောအနာဂတ် – အာဆီယံမျှော်မှန်းချက် (၂၀၄၅)နှင့် တရုတ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတို့ကို ချိတ်ဆက်ပေးခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အာဆီယံ-တရုတ် ရက်သတ္တပတ် (၂၀၂၅) သို့ တက်ရောက်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက် ကြောင်းနှင့် တရုတ်နိုင်ငံအစိုးရ၊ ဖူးကျန့်ပြည်နယ်အာဏာပိုင်များနှင့် အာဆီယံ-တရုတ်စင်တာ (ACC)တို့အား အခမ်းအနားကို စီစဉ်ပြုလုပ်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ အခမ်းအနားသည် အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ရေရှည်တည်တံ့သော မိတ်ဖက် ဆက်ဆံရေးနှင့် တက်ကြွ၍ အားလုံးပါဝင်ပြီး ကြွယ်ဝချမ်းသာသည့် အနာဂတ်ဆီသို့ လျှောက်လှမ်းရာခရီးလမ်းကို ထင်ဟပ်လျက်ရှိကြောင်း၊ အာဆီယံ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာရေးဆိုင်ရာ ဘုံရည်မှန်းချက်အောက်တွင် ပြည်သူ များအကြား ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးမှုနှင့် အပြန်အလှန်ယုံကြည်မှုများ ပိုမိုတိုးမြင့်လာ မည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးအဖြစ် မြန်မာနိုင်ငံက တာဝန်ယူစဉ်အတွင်း “အာဆီယံ-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး”သို့ အဆင့်မြှင့်တင်နိုင်ခဲ့သဖြင့် အာဆီယံ-တရုတ် ဆက်ဆံရေးတွင် သိသာထင်ရှားသော မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ ကြောင်း ပြောကြားခဲ့ပါသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှု၊ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ချိတ်ဆက်မှု၊ လူငယ်နှင့် အဏ္ဏဝါစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ပြည်သူချင်းဖလှယ်မှုများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ အပြန်အလှန် ကတိကဝတ်ကို အလေးထား၍ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ AI အစီအစဉ်ကိုလည်း ကြိုဆိုပြီး၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွင် တန်းတူညီမျှ၍ တာဝန်ယူမှုရှိရန် အရေးကြီးကြောင်း၊ တရုတ်နိုင်ငံ၏ ခိုင်မာသော ထောက်ခံအားပေးမှုနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံး ညီညွတ်မှုတို့အတွက် မြန်မာနိုင်ငံက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို အာဆီယံ-တရုတ်အဖြေရှာမှု၊ နည်းပညာဆန်းသစ်တီထွင်မှုနှင့် ဉာဏ်ရည်တုနည်းပညာ ဒစ်ဂျစ်တယ်စီးပွားရေး ခေါင်းစဉ်များဖြင့် ပြုလုပ်သည့် အဆင့်မြင့်ဆွေးနွေးပွဲများ၊ အာဆီယံ-တရုတ် အဏ္ဏဝါစီးပွားရေးနှင့် ပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လူငယ်ဖိုရမ်၊ “Two Countries, Twin Parks” Model ဖြင့် အာဆီယံ-တရုတ်စက်မှုနှင့် ထောက်ပံ့ပို့ဆောင်မှု ကွင်းဆက် ပေါင်းစည်းဆက်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများ ဖလှယ်ရေးဆိုင်ရာအခမ်းအနား၊ အာဆီယံ-တရုတ် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဖိုရမ် တို့သို့ ပါဝင် တက်ရောက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ဖူးကျန့် ပြည်နယ်၊ အုပ်ချုပ်ရေးမှူး မစ္စတာ ကျောက်လောင်နှင့် အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူး ချုပ် မစ္စတာရှီကျုံးကျွင့်တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အာဆီယံ-တရုတ် ရက်သတ္တပတ်ကို ၂၀၂၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ ယခုနှစ်တွင် “Our Shared Future: Bridging ASEAN 2045 and Chinese Modernization” ခေါင်းစဉ်ဖြင့် တတိယအကြိမ်အဖြစ် လည်းကောင်း ကျင်းပခြင်းဖြစ်ပါသည်။ အာဆီယံ-တရုတ် ရက်သတ္တပတ်အခမ်းအနားများသည် အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန် ရည်ရွယ်၍ အာဆီယံနှင့်တရုတ် ပူးပေါင်းဆောင်ရွက်မှုများ လူထုအသိပညာပေးရာတွင် ထူးခြားသော အခန်းကဏ္ဍမှပါဝင်သည့် ပလက်ဖောင်းတစ်ခုဖြစ်ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံ တို့အကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာတီထွင်ဆန်းသစ်မှု၊ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်စေရန် အခွင့်အလမ်းများ ဖန်တီးပေးပါသည်။

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့၊ ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။