နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ကောင်စီဝင် ဦးသိန်းညွန့် ဦးဆောင်၍ လုပ်ငန်း ညှိနှိုင်းအစည်း အဝေးကျင်းပ(၅-၁-၂၀၂၃ ရက်)

(၅-၁-၂၀၂၃ ရက်၊ နေပြည်တော်)
 
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အကျိုးကာကွယ်စောင့်ရှောက်နိုင်ရန် ရည်ရွယ်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ကောင်စီဝင် ဦးသိန်းညွန့် ဦးဆောင်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံလွင်ခန်းမ၌ နံနက် ၁၀:၀၀နာရီမှ ၁၃:၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ 
 
အဆိုပါ အစည်း အဝေးသို့ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်တင်ရှိန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
 
နိုင်ငံခြားရေးဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ရွှေ့ပြောင်း အလုပ် သမားများ တရားဝင် နေထိုင်အလုပ်လုပ်ကိုင်နိုင် ရေး၊ သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးနေမှုနှင့် အသစ်ထုတ်ပေးနိုင်ရေး၊ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ တို့အပေါ် အသီးသီးညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ 
 
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကြုံတွေ့လျက်ရှိသည့် အခက်အခဲများအား ဖြေရှင်းဆောင်ရွက်ပေးနိုင် ရေးအတွက် ကာလတို/ ကာလရှည် စီမံချက်များဖြင့် သာမန်မြန်မာနိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးပေးနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား ပိုမိုညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းစေ ရေး ကဏ္ဍပေါင်းစုံမှ ထိရောက်စွာ ဆောင်ရွက်သွားရန် ကိစ္စရပ် များနှင့် နည်းလမ်းများအား ဆွေးနွေးခဲ့ကြပါသည်။ သာမန်မြန်မာနိုင်ငံကူးလက်မှတ်များ အချိန်မီသက်တမ်းတိုးပေးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများပါဝင်သည့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။