နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် Video Conferencing စနစ်ဖြင့် ကျင်းပြုလုပ်သည့် (၃၂)ကြိမ်မြောက် အာဆီယံ-သြစတြေးလျဖိုရမ်သို့ ပါဝင်တက်ရောက်

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးစိုးဟန်သည် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၃၂) ကြိမ်မြောက် အာဆီယံ-သြစတြေးလျ ဖိုရမ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးကို အာဆီယံ-ဩစတြေးလျ ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Dato’ Ahmad Rozian နှင့် ဩစတြေးလျနိုင်ငံ ခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ အာဆီယံဆိုင်ရာ အဆင့်မြင့်အရာရှိကြီး Justin Hayhurst တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ပြီး၊ အစည်းအဝေးသို့ အာဆီယံအဖွဲ့နိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေး မှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် အဆင့်မြင့်အရာရှိကြီးများက COVID-19 ကူးစက်ရောဂါ ကာကွယ် တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် နိုင်ငံအလိုက် ဆောင်ရွက်လျက်ရှိသည့် အစီအမံများ၊ အတွေ့အကြုံများနှင့် အလေ့အကျင့်ကောင်းများကိုလည်းကောင်း၊ COVID-19 ကူးစက်ရောဂါ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အာဆီယံနှင့် ဩစတြေးလျနိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကိုလည်းကောင်း၊ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။ အမြဲတမ်းအတွင်းဝန်ဦးစိုးဟန်က COVID-19 ကူးစက်ရောဂါ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးတို့တွင် မြန်မာအစိုးရက မည်သူတစ်ဉီးတစ်ယောက်မျှ မကျန်ရစ်စေရေးမူကို ကျင့်သုံးလျက်ဆောင်ရွက်နေသည့် အစီအမံများ၊ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ထိခိုက်နစ်နာမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရအဖွဲ့တစ်ရပ်လုံး ပူးပေါင်းပါဝင်သည့် ချဉ်းကပ်မှုပုံစံဖြင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် အစိုးရအနေဖြင့် ပြည်သူ့အင်အားကို စုစည်းရယူ၍ ပြည်သူများ၏ ပူးပေါင်းပါဝင်မှု ရယူခြင်းနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်နေသည့် အခြေအနေ များကို ရှင်းလင်းအသိပေးခဲ့ပြီး၊ COVID-19 ကူးစက်ရောဂါ တုံ့ပြန်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အာဆီယံနှင့် ဩစတြေးလျနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် နယ်ပယ်များကို အကြံပြုဆွေးနွေးခဲ့သည်။

ထို့အပြင် အစည်းအဝေးတွင် နိုင်ငံရေးနှင့်လုံခြုံရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှု ကဏ္ဍများအောက်၌ အာဆီယံနှင့်ဩစတြေးလျနိုင်ငံတို့ အကြား ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများကို ပြန်လည်သုံးသပ်ပြီး၊ အနာဂတ်တွင် အာဆီယံ-ဩစတြေးလျ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်မည့် အလားအလာများကို ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က နိုင်ငံရေး နှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအောက်ရှိ အာဆီယံဗဟိုပြုသည့် ဒေသတွင်း ဗိသုကာဘာသာရပ် ခေါင်းစဉ်ကို ဉီးဆောင်ဆွေးနွေးရာတွင် ဒေသ၏ တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကို တိုးမြှင့်ရန်နှင့် ဒေသတွင်း လုံခြုံရေး၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် အာဆီယံဒေသဆိုင်ရာဖိုရမ်၊ အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် တိုးချဲ့အာဆီယံ ပင်လယ်ရေကြောင်းဖိုရမ်ကဲ့သို့သော အာဆီယံဦးဆောင်သည့် ယန္တရားများ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ရေးနှင့် ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် အနာဂတ်တွင် အာဆီယံဦးဆောင်သည့် ယန္တရားများအောက်မှ အာဆီယံ-ဩစတြေးလျ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာစေရေး ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်

၂၀၂၀ ပြည့်နှစ်၊ မေလ ၁၈ ရက်