နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန မိသားစုတို့၏ (၁၄)ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

(၇-၁၁-၂၀၁၉ ရက်၊ နေပြည်တော်)

ပျဉ်းမနားမြို့၊ ရတနာမှန်ကျောင်းမှ ဆရာတော် ဦးဝိလာသ၊ တရားဟောဆရာတော် ဦးဣန္ဒာစရိယ အပါအဝင် စုစုပေါင်း သံဃာငါးပါးတို့အား ပင့်ဖိတ်၍ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ (၁၄) ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာလ ၇ ရက်၊ နံနက် ၁၀၀၀ နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၏ ဇနီး ဒေါ်လွင်လွင်မှန်၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ကထိန်သင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်း ကျပ် ၃,၉၅၂,၆၀၀ /- (ကျပ် သုံးဆယ့်ကိုးသိန်း ငါးသောင်းနှစ်ထောင့် ခြောက်ရာတိတိ) နှင့် လှူဒါန်းငွေကျပ် ၁,၉၂၄,၇၀၀/- (ကျပ် တစ်ဆယ့်ကိုးသိန်း နှစ်သောင်း လေးထောင့် ခုနှစ်ရာ တိတိ)၊ စုစုပေါင်း ကျပ် ၅,၈၇၇,၃၀၀/- (ကျပ် ငါးဆယ့်ရှစ်သိန်း ခုနှစ်သောင်း ခုနှစ်ထောင့် သုံးရာတိတိ)ကို သံဃာတော်အရှင်သူမြတ်တို့ထံ ဆက်ကပ်လှူဒါန်းပြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၏ ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များမှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား သံဃာတော် အရှင်သူမြတ်တို့ထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချ အမျှဝေခဲ့ကြပါသည်။

ယင်းနောက် သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။