နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဒုက္ခများ ကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေး၊ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် လိုအပ်သည့် ကောင်စစ်ဆိုင်ရာ ကူညီဆောင်ရွက်မှုများကို အစဉ်တစိုက် အလေးထား ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာအစိုးရအနေဖြင့် ၂၃-၂-၂၀၂၁ ရက်နေ့တွင် မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်မှုကြောင့် ပြစ်ဒဏ်များကျခံခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေး စခန်းများ၌ ထိန်းသိမ်းခံရကာ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားစိစစ်ပြီးသူ (၁,၀၈၆) ဦးကို လူသားချင်းစာနာထောက်ထားမှုအရ နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းကာ မြန်မာ့တပ်မတော်ရေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါသည်။
ထို့နောက် ၁၁-၃-၂၀၂၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အန်ဒမန်ကျွန်းရှိ ရေပိုင်နက်အတွင်းသို့ တရားမဝင်ဝင်ရောက်မှုဖြင့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲမြို့၌ ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သား (၇၀) ဦးတို့ကိုလည်း နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းမှုဖြင့် တပ်မတော်မှစစ်ရေယာဉ် (တပင်ရွှေထီး) ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ပါသည်။
၂၀၂၆ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား တပ်မတော်လေယာဉ်၊ စင်းလုံးငှားလေယာဉ်၊ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) နှင့် AirAsia လေယာဉ်များဖြင့် ခေါ်ဆောင်ခဲ့ရာ ဇန်နဝါရီလမှ စက်တင်ဘာလအထိမြန်မာနိုင်ငံသား စုစုပေါင်း (၁၉၀၅) ဦးကိုလည်းကောင်း၊ အိန္ဒိယရေပိုင်နက်အတွင်းသို့ တရားမဝင်ဝင်ရောက်မှုဖြင့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲမြို့၌ ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သား (၂၆) ဦးအား အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ၂၃-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း အသီးသီးပြန်လည်ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုနှင့် အခြားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချိုးဖောက်ခဲ့မှုများကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားသူများကို မြန်မာနိုင်ငံသားမှန်ကန်မှု ရှိ/မရှိ ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စိစစ်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စိစစ်ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံသား မှန်ကန်သူ (၈၀၄၁) ဦးကို လေယာဉ်ဖြင့် အပတ်စဉ် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါသည်။ ထို့ပြင် လေယာဉ်စရိတ် မတတ်နိုင်သည့် မြန်မာနိုင်ငံသားစိစစ်ပြီးသူ (၁,၄၇၆) ဦးအား မြန်မာ့တပ်မတော် (ရေ) မှ စစ်ရေယာဉ် (မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်) တို့ဖြင့် ပြန်လည်ခေါ်ဆောင်လာရာ ၄-၁၀-၂၀၂၆ ရက်တွင် မြန်မာနိုင်ငံသို့ ချောမောစွာ ရောက်ရှိခဲ့ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိအချိန်တွင် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည့် အားလျော်စွာ နိုင်ငံသားများအနေဖြင့် ပြည်တွင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များစသည့် စီးပွားရေးကဏ္ဍများတွင် အလုပ်လုပ်ကိုင်ကြခြင်းဖြင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်နိုင်ပြီး မြန်မာနိုင်ငံသားများအနေဖြင့် ဂုဏ်သိက္ခာရှိပြီး လုံခြုံစိတ်ချရသည့် လူနေမှုဘဝကို ရရှိနိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်ရာ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် လူကုန်ကူးပွဲစားများ၏ မက်လုံးပေးဆွဲဆောင်စည်းရုံးမှုများကို အယုံမလွယ်ကြရန်၊ တရားမဝင် နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပသို့ တရားမဝင်ထွက်ခွာမှုများကို ရှောင်ကြဉ်ကြပါရန်နှင့် လူကုန်ကူးခံရမှု မရှိစေရေး သတိပြုဆင်ခြင်နိုင်ကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။
နိုင်ငံတော်အစိုးရသည် ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မည်သို့သော အခြေအနေတွင်ဖြစ်စေ အခက်အခဲကြုံတွေ့လာပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားကူညီစောင့်ရှောက်ပေးလျက်ရှိပါသည်။
သို့ဖြစ်ရာနောင်တွင်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့လာပါက မြန်မာသံရုံးများနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်သတင်းပို့ နိုင်ပါကြောင်းနှင့် မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ချိတ်ဆက်၍ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်

