နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ စီးပွားရေးသံမှူးများအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ကြီးဌာန(၅)ခုမှ အရာထမ်းများအား တွေ့ဆုံအမှာစကားပြောကြား(၁၀-၂-၂၀၂၃ ရက်)

(၁၀-၂-၂၀၂၃ ရက်၊ နေပြည်တော်)
 
မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် စီးပွားရေးသံမှူးများအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ၁၀-၂-၂၀၂၃ ရက်၊ နံနက် ၀၉ : ၃၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဦးစီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
 
အခမ်းအနားတွင် မြန်သံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ၌ စီးပွားရေးသံမှူးများအဖြစ် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများက ၎င်းတို့သွားရောက်တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို တစ်ဦးချင်းစီ မိတ်ဆက်တင်ပြကြပါသည်။
 
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမှ အမှာစကား ပြောကြားခဲ့ရာတွင် ပြည်ပရှိ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများအားလုံးကို ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကား ပြောကြားလိုကြောင်း၊ ယခုလို စေလွှတ်သည့်နေရာတွင် နိုင်ငံတော်၏ စီးပွားရေး ဖွံဖြိုးတိုးတက်ရန် ကြိုးစားပေးကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဒေသတွင်းနိုင်ငံများတွင် ရှိသင့်ရှိထိုက်သည့်နေရာတွင် ဖြစ်ပေါ်လာရေး ရည်မှန်းပြီး ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ယခု စေလွှတ်လိုက်သည့် စီးပွားရေးသံမှူးများသည် ဝန်ကြီးဌာန(၅)ခုမှ အလယ်အလတ် ဝန်ထမ်းများ ဖြစ်သည့်အတွက် အတွေ့အကြုံနှင့် အတွေးအခေါ်များ အပြည့်အဝရှိကြမည်ဟု ယုံကြည်ပါကြောင်း၊ ဒေသတွင်းနိုင်ငံများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုများတွင် ယင်းနိုင်ငံ၏ လက်ရှိအခြေအနေတစ်ခုတည်းကို မကြည့်ဘဲ နောက်ခံသမိုင်းကြောင်းများကိုလည်း လေ့လာရမည် ဖြစ်ပါကြောင်း၊ ယင်းတို့ တွေးခေါ်မျှော်မြင်သည့် စီးပွားရေးအမြင်များကို လေ့လာပြီး မိမိနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို အကောင်အထည်ဖော်ရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
 
ထို့အပြင် စီးပွားရေးသံမှူးများအနေဖြင့် ကမ္ဘာ့စီးပွားရေး၊ ဒေသတွင်းစီးပွားရေးကို လေ့လာကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို မိမိတို့ရောက်ရှိမည့် နိုင်ငံများတွင် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ပါဝင်စားလာစေရေး ကြိုးစားရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်‌ လူ့စွမ်းအား အရင်းအမြစ်၊ ရေအရင်းအမြစ်၊ မြေအရင်းအမြစ်နှင့် အခြားသဘာဝအရင်းအမြစ် အခွင့်အလမ်း များစွာရှိသည်ကို ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလာစေရေး စီးပွားရေးသံမှူးများက ဆွဲဆောင် စည်းရုံးကြရမည် ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများသည် ယင်းတို့၏ ရင်းနှီးမြှုပ်နှံမှု မဆုံးရှုံးရေးနှင့် အမြတ်ရရှိရေးသည် ၎င်းတို့အတွက် ဦးစားပေးသည်ကို သိရှိနားလည်ပြီး ၎င်းတို့၏ အကျိုးစီးပွားကို မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ယှဉ်တွဲ၍ လုပ်ကိုင်လိုစိတ်ဖြစ်ပေါ်စေရန် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အချက်အလက်များကို သိရှိအောင်ဆောင်ရွက်ပြီး တာဝန်ကျသည့် သက်ဆိုင်ရာနိုင်ငံ၏ စီးပွားရေးအချက်အလက်များကို လေ့လာကာ မိမိနိုင်ငံ၏ စီးပွားရေးတိုးတက်လာစေရန် စီးပွားရေးသံမှူးများအနေဖြင့် အတွေးအမြင် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ပြီး အစီရင်ခံစာများ ရေးသားပေးပို့ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံကို ကိုယ်စားပြုပြီး တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သည့်အတွက် ဝန်ထမ်းများသည် အမျိုးသားနိုင်ငံရေးကို သစ္စာရှိရန်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအပေါ် သစ္စာရှိရန် အထူးမှာကြားလိုကြောင်း၊ နောက်ဆုံးအနေဖြင့် ဝန်ထမ်းများအားလုံး ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရန်နှင့် ရောက်ရှိသည့်နေရာမှ ရရှိသည့် ဗဟုသုတများကို အကျိုးရှိစွာ အသုံးချနိုင်ရေး လေ့လာဆည်းပူးကြပါရန် စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။