နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အရာထမ်းငယ်များအတွက် သံတမန်ရေးရာသင်တန်း အမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အရာထမ်းငယ်များအတွက် သံတမန်ရေးရာသင်တန်း အမှတ်စဉ် (၉) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက် (တနင်္လာနေ့)၊ နံနက် ၁၀၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၂၆ ခုနှစ်တွင် အသစ်ခန့်အပ်လိုက်သည့် ဌာနစုမှူး-၂/အရာထမ်းငယ် (၂၉) ဦးတို့အား ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊ အာဆီယံရေးရာများ၊ ကောင်စစ်ရေးရာများ၊ နိုင်ငံတကာဥပဒေများနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု အရည်အသွေးမြှင့်တင်ခြင်း အစရှိသည့်ဘာသာရပ်များကို သင်တန်းကာလ ရက်သတ္တ (၁၁) ပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်