နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် က အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ရုံးချုပ်၏ Operations ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

(၄-၈-၂၀၂၆၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် သည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ရုံးချုပ်၏ Operations ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ ၁၃၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် Ms. Ugochi DANIELS က သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် IOM အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကူညီဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် မြန်မာအစိုးရနှင့် IOM တို့အကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ IOM ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Iori KATO၊ IOM ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Daihei Mochizuki နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။