နိုင်ငံခြားရေးဝန်ကြီးဌာနမိသားစု၏ (၂၁) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် (ကြာသပတေးနေ့) နံနက် (၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့်ဇနီး၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ပျဉ်းမနားမြို့၊ ကန်ဦးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ပဓာနနာယကဆရာတော် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တနန္ဒမာလာနှင့်သင်္ဃာတော်အရှင်သူမြတ် (၄) ပါးတို့ထံမှ အခမ်းအနားတက်ရောက်လာသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက် သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ကန်ဦးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ ချီးမြှင့်သည့်အနုမောဒနာတရားကို နာယူပွားများကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် ဆရာတော် ဘဒ္ဒန္တနန္ဒမာလာနှင့် သံဃာတော်အရှင်သူမြတ်တို့အား အခမ်းအနားတက်ရောက်လာကြသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။



